စက်တင်ဘာ ၃၀ – ၂၀၂၅
အချက် ၂၀ ပါ ဂါဇာ ငြိမ်းချမ်းရေး အစီအစဥ်အပေါ် ဟာမတ်စ်အဖွဲ့ က သဘောတူ/မတူ တုံ့ပြန်ဖို့ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အချိန် “သုံးရက်ကနေ လေးရက်” သတ်မှတ်လိုက်ပါတယ်။
ဟာမတ်စ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချပါက “အလွန်ဝမ်းဖွယ် အဆုံးသတ်လိမ့်မယ်” လို့ ထရမ့်က ပြောကြားပါတယ်။
မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အိမ်ဖြူတော် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ထရမ့်က ဟာမတ်စ်အနေနဲ့ သဘောတူညီ ချက်ကို ပယ်ချပါက “သူတို့ လုပ်ရမယ့်အရာကို လုပ်ဖို့ အစ္စရေးကို အပြည့်အဝ ထောက်ခံ ပေးမယ်” လို့ ပြောပါတယ်။
အိမ်ဖြူတော် မြက်ခင်းပြင်မှာ သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပြီး “ကျွန်တော်တို့ ဟာမတ်စ်ကို စောင့်နေတာပါပဲ” လို့ သူက ဆိုပါတယ်။
“အာရပ်နိုင်ငံအားလုံး၊ မွတ်ဆလင်နိုင်ငံတွေအားလုံး လက်ခံ သဘောတူ ထား ပြီးပါပြီ။ အစ္စရေးကလည်း လက်ခံပြီးသားပါ” လို့ ထရမ့်က ထပ်လောင်း ပြောကြားပါတယ်။
ဟားမတ်စ်က သဘောတူညီချက်ကို ပယ်ချရင် အစ္စရေး တုံ့ပြန်မှုက ဘယ်လို ဖြစ်နိုင်လဲ လို့ မေးမြန်းရာ ထရမ့်က “(အစ္စရေးက) သူတို့ လုပ်ရမယ့် အရာကို သွားလုပ်ရုံပဲ…’’ လို့ပြောပြီး အစ္စရေးကို လုပ်ခွင့် ပေးမှာ ဖြစ်ကာ ‘’သူတို့ ဒါကို အတော်လေး လွယ်လွယ်ကူကူ လုပ်နိုင် လိမ့်မယ်… ” လို့ ဖြေကြားပါတယ်။ ဒါပေမယ့် အသေးစိတ် ကိုတော့ ရှင်းပြခြင်း မရှိခဲ့ပါတယ်။
ဟာမတ်စ်ဟာ “တန်ဖိုး အကြီးကြီး ပေးဆပ်ခဲ့ရပြီ” လို့ ထရမ့်က ပြောကြားပြီး သူတို့ ခေါင်းဆောင်ပိုင်းတွေ “သုံးခါ အသတ်ခံရ ပြီးပြီ” လို့လည်း ဆိုပါတယ်။”ဟာမတ်စ်နဲ့ ပတ်သက်ရင် အရမ်းရိုးရှင်းပါတယ်” လို့ ထရမ့်ကပြောပြီး “ကျွန်တော်တို့က ဓားစာခံတွေကို ချက်ချင်း ပြန်လိုချင်တယ်။ ပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်စေချင်တယ်…’’ လို့ ပြောပါတယ်။
အခုအချိန်မှာတော့ ဟားမတ်စ်တို့ဟာ အိမ်ဖြူတော်ရဲ့ အဆိုပြုချက်ကို “တာဝန်ရှိစွာ လေ့လာနေတယ်” လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မနေ့က အိမ်ဖြူတော်မှာ အစ္စရေး ဝန်ကြီးချုပ်နဲ့ သဘောတူလိုက်တဲ့ ငြိမ်းချမ်းရေး အချက် ၂၀ အစီအစဥ် ထဲမှာ တိုက်ပွဲတွေ ရပ်စဲဖို့၊ အစ္စရေး ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ နဲ့ ဂါဇာ အုပ်ချုပ်ရေးကို ကူညီမယ့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဖွဲ့စည်းရေးတို့ ပါဝင်ပါတယ်။
ဒီအစီအစဥ် တွေကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ရင် “ပါလက်စတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နိုင်ငံ တည်ထောင်ရေးအတွက် ယုံကြည် စိတ်ချ ရတဲ့ လမ်းကြောင်းတခု” ဖြစ်နိုင်ခြေရှိနေပါတယ်။
ဒါပေမယ့်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်း နိုင်ငံ ဆိုတဲ့ အယူအဆကို “အတင်းအကျပ် ဆန့်ကျင်မယ်” လို့ အခိုင်အမာ ပြောကြားထားတာ ဖြစ်ပါတယ်။