ပြည်တွင်း သတင်း

တာမွေမှာ အဘိုးအိုတယောက် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံး

အောက်တိုဘာ ၈ – ၂၀၂၅

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသူဟာ အသက် ၇၄ နှစ်အရွယ်ရှိ ဦးဇော်ဝင်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

“သူ့မိသားစုဝင်တွေက သူဒီလိုလုပ်ပြီး ၁၅ မိနစ်လောက်ကြာမှ သိကြတာ။ သူ အိမ်သာသွားတယ်ပဲ ထင်နေကြတာ။ ပတ်ဝန်းကျင်က အကြောင်းကြားလို့ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကတော့ မိနစ် ၂၀၊ ၂၅ မိနစ်လောက် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ ရောက်တဲ့အချိန် အသက်မမီတော့ဘူး။ သူ စာလေး ရေးခဲ့သေးတယ်။ သူ့အိပ်ကပ်ထဲမှာ တွေ့ရတဲ့ စာပါ။ အဲဒီစာထဲမှာတော့ မိသားစုကိစ္စ အဆင်မပြေတာတွေ ရှိနေတဲ့အတွက် သူဒီလိုလုပ်သွားတယ် ဆိုတဲ့အကြောင်း ရေးထားတယ်” လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လူသေဆုံးမှု ဖြစ်သွားတဲ့အတွက် မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့ပြီး သေဆုံးသူကို မိတ်ဖက်အသင်းဖြစ်တဲ့ မေတ္တာမျှဝေ ပရဟိတအဖွဲ့ နာရေးယာဉ်နဲ့ စံပြဆေးရုံကြီးကို ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *