စက်တင်ဘာ ၃၀ – ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့ မနေ့က အိမ်ဖြူတော်မှာ ဆွေးနွေးအပြီး ဂါဇာအတွက် ငြိမ်းချမ်းရေး အစီအစဥ်သစ်ကို သဘောတူညီခဲ့ပြီ ဖြစ်ပြီး ဟာမတ်စ်အဖွဲ့အား လက်ခံဖို့ သတိပေး ပြောကြားလိုက်ပါတယ်။
ဒီသဘောတူညီမှု အစီအစဥ်ထဲမှာ ဂါဇာမှာ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ အဆိုပြုထား ပါတယ်။
ဟာမတ်စ်အဖွဲ့အနေနဲ့ အသက်ရှင်လျက်ရှိတဲ့ အစ္စရေး ဓားစာခံ ၂၀ နဲ့ သေဆုံးပြီလို့ ယူဆရတဲ့ ဓားစာခံ ၂၀ ကျော်ရဲ့ ရုပ်အလောင်းတွေ ကို ၇၂ နာရီအတွင်း လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
ဟာမတ်စ်အရာရှိတွေဆီ အိမ်ဖြူတော်ရဲ့ အချက် ၂၀ ပါ အဆိုပြုချက်ကို ပေးပို့လိုက်ပြီ လည်း ဖြစ်ပါတယ်။
ဒီအဆိုပြုထားတဲ့ အစီအစဥ်အရ ဟာမတ်စ်တို့ အနေနဲ့ ဂါဇာ အုပ်ချုပ်ရေးမှာ ဘယ်လို အခန်းကဏ္ဍ မှ မရှိစေဖို့ တောင်းဆိုထားပြီး၊ နောက်ဆုံးမှာ ပါလက်စတိုင်း နိုင်ငံတော် ထူထောင်ဖို့ အတွက် လမ်းဖွင့်ပေးထားပါတယ်။
အိမ်ဖြူတော် ဆွေးနွေးပွဲတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့် က ဒီ အစီအစဥ်ကို “ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့” လို့ ခေါ်ဆိုလိုက်ပါတယ်။
ဒါပေမယ့်လို့ ဟာမတ်စ်က အစီအစဥ်ကို သဘောမတူဘူးဆိုရင် နေတန်ယာဟု အနေနဲ့ “ဟာမတ်စ်တို့ရဲ့ ခြိမ်းခြောက်မှုကို ချေမှုန်းရမယ့် တာဝန်ကို ပြီးဆုံးအောင် လုပ်ဖို့” အမေရိကန်ရဲ့ ထောက်ခံမှု ရရှိမယ်လို့ ထရမ့်က ပြောပါတယ်။
နေတန်ယာဟု ကလည်း ဟားမတ်စ်က အစီအစဥ်ကို ပယ်ချတာ ဒါမှမဟုတ် အကောင်အထည် မဖော်ဘူးဆိုရင် အစ္စရေးက “တာဝန်ကို အဆုံးသတ်သည်အထိ လုပ်ဆောင်သွားမယ်” ပြောပါတယ်။
အစ္စရေးတို့ သိမ်းယူထားတဲ့ အနောက်ဘက်ကမ်းကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က အမေရိကန်သမ္မတရဲ့ ကြိုးပမ်းအားထုတ်မှုများကို “စိတ်ရင်းမှန်နဲ့ စိတ်ပိုင်းဖြတ်ထားတာ” လို့ ခေါ်ဆိုလိုက်ပါတယ်။
WAFA သတင်းအေဂျင်စီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ အနေနဲ့ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့၊ ဂါဇာကို လူသားချင်းစာနာမှု အကူအညီတွေ လုံလောက်စွာ ပေးပို့ဖို့၊ ဓားစာခံတွေနဲ့ အကျဥ်းသား လွှတ်ပေးဖို့ တို့အတွက် “အမေရိကန်၊ ဒေသတွင်းနိုင်ငံတွေ၊ မိတ်ဖက်တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားရန် ပူးတွဲ ကတိကဝတ်ကို သက်တမ်းတိုးကြောင်း” ဖေါ်ပြထားပါတယ်။ အဆိုပြုချက်ကို လိုက်နာပါက စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်ခြင်း ဖြင့် စတင်မှာ ဖြစ်ပါတယ်။
အဆင့်ဆင့် ရုပ်သိမ်းဖို့ အတွက် အခြေအနေတွေ အပြည့်အဝ မရှိသေးတဲ့တိုင် “တိုက်ပွဲဖြစ်ပွားရာ နယ်နိမိတ်မျဥ်းတွေ” ကို ရပ်တန့်ထားရမှာ ဖြစ်ပါတယ်။ ထရမ့် အစီအစဥ်အရ ဟာမတ်စ်တို့ဟာ လက်နက်ချရမှာ ဖြစ်ပြီး၊ ဥမင်လိုဏ်ခေါင်းတွေနဲ့ လက်နက်ထုတ်လုပ်ရေး စက်ရုံတွေကို ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။
အစ္စရေး ဓားစာခံ ရုပ်အလောင်းတလောင်း ပြန်လွှဲပေးပါက အစ္စရေးဘက်ကလည်း သေဆုံးပြီးသား ဂါဇာဒေသခံ ၁၅ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လွှဲပေးမယ်လို့ အစီအစဥ်မှာ ဖေါ်ပြထားပါတယ်။
အဆိုပြုချက်ကို နှစ်ဘက်စလုံး သဘောတူတာနဲ့ “အကူအညီအပြည့်အစုံကို ဂါဇာကမ်းမြှောင်သို့ ချက်ချင်း ပေးပို့မည်” လို့ သတ်မှတ်ပါရှိပါတယ်။
ဂါဇာရဲ့ အနာဂတ် အုပ်ချုပ်ရေးအတွက် အစီအစဥ်ကိုလည်း အမေရိကန်က အကြမ်းဖျင်း ဖော်ပြထားပါတယ်။ အဲဒါကတော့ ‘’ကျွမ်းကျင်ပညာရှင်တွေပါတဲ့ နိုင်ငံရေးကင်းရှင်းတဲ့ ပါလက်စတိုင်း ကော်မတီ” တခုက ဂါဇာကို ယာယီအုပ်ချုပ်မှာဖြစ်ပြီး အဲဒီကော်မတီကို ထရမ့် ဦးဆောင်တဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace)” လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အသွင်ကူးပြောင်းရေး အဖွဲ့သစ်က ကြီးကြပ် မယ်လို့ ဖေါ်ပြထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ဟာလည်း တခြား ခေါင်းဆောင်တွေနဲ့ အတူ အဲဒီ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ မှာ ပါဝင်မှာ ဖြစ်ပါတယ်။
တိုနီဘလဲက ဒီအစီအစဥ်ကို “ပြတ်သားပြီး ဉာဏ်ကောင်းတဲ့” အစီအစဥ်လို့ ခေါ်ဆိုလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ကလည်း ဒီအစီအစဥ်ကို ကြိုဆိုလိုက်ပြီး “ဒီ သဘောတူညီ ချက်ကို အပြီးသတ် လက်တွေ့အကောင်အထည် ဖော်ဖို့အတွက် အမေရိကန် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ အားလုံးကို တောင်းဆိုပါတယ်” လို့ ပြောကြားပါတယ်။
“ဟာမတ်စ်အနေနဲ့ အစီအစဥ်ကို သဘောတူပြီး လက်နက်ချကာ ကျန်နေတဲ့ ဓားစာခံ အားလုံးကို ပြန်လွှတ် ပေးခြင်းအားဖြင့် ဆင်းရဲဒုက္ခတွေကို အဆုံးသတ်သင့်ပါတယ်” လို့ ကီယာ စတာမာက ပြောပါတယ်။
ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa ကလည်း ဒီအဆိုပြုချက်အပေါ် “ဝန်ကြီးချုပ် နေတန်ယာဟု ရဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကြောင့် အားတက်မိတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က အဆိုပြုချက်ကို ချီးကျူးလိုက်ပြီး စစ်ပွဲကို အဆုံးသတ် ဖို့နဲ့ ဓားစာခံတွေ လွှတ်ပေးရေး ကြိုးပမ်းမှုတွေမှာ “ပြင်သစ်အနေနဲ့ ပါဝင်ကူညီဖို့ အသင့်ရှိတယ်” လို့ ပြောပါတယ်။ ထရမ့် အဆိုပြုချက် အစီအစဥ် အရ ဟာမတ်စ်တို့ဟာ အုပ်ချုပ်ရေးမှာ “တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မည်သည့် ပုံစံနှင့်မျှ” အခန်းကဏ္ဍ မရှိစေရဘူးလို့ ဖေါ်ပြထားပါတယ်။ အစီအစဥ် အများစုဟာ အမေရိကန်က ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ အတွက် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဥ်” အပေါ် အဓိကထား ထားတာ ဖြစ်ပါတယ်။ “အစ္စရေးကလည်း ဂါဇာကို သိမ်းပိုက်တာ ဒါမှမဟုတ် ခွဲထုတ်ယူတာမျိုး မလုပ်ရ ” ဘူးလို့လည်း ဖော်ပြထားပြီး အစ္စရေးတပ်ဖွဲ့တွေဟာ အချိန်နဲ့အမျှ တဆင့်ပြီး တဆင့် ဂါဇာကနေ ရုပ်သိမ်းသွားရမှာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အရင် ထုတ်ပြန်ချက်တွေနဲ့ မတူတဲ့ အချက်ကတော့ ပါလက်စတိုင်းတွေကို ဂါဇာကနေ ထွက်ခွာသွားဖို့ အတင်းအကျပ် လုပ်ဆောင်မှာ မဟုတ်ပါ။
အဲဒီအစား “လူတွေကို နေထိုင်စေဖို့ တိုက်တွန်းပြီး ပိုမိုကောင်းမွန်တဲ့ ဂါဇာကို တည်ဆောက်ဖို့ အခွင့်အရေး ပေးမယ်” လို့ ဖော်ပြထားပါတယ်။
အစီအစဥ်အရ နောက်ဆုံးမှာတော့ ပါလက်စတိုင်း နိုင်ငံတော် ထူထောင်ဖို့ အတွက်လည်း လမ်းဖွင့်ပေးထားပါတယ်။ “ကာတာနဲ့ အီဂျစ်အရာရှိတွေဟာ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အိမ်ဖြူတော်ရဲ့ အစီအစဥ်ကို ဒိုဟာမြို့ရှိ ဟာမတ်စ် အရာရှိများထံ လွှဲပြောင်းပေးလိုက်ပြီ” လို့ ပါလက်စတိုင်း သတင်း အရင်းအမြစ် တဦး က ပြောကြားပါတယ်။
အစောပိုင်းကတော့ ဟာမတ်စ် အကြီးတန်း အရာရှိတဦးက ဂါဇာစစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဘယ်လို အဆိုပြုချက်ကိုမဆို လေ့လာဖို့ သူတို့အနေနဲ့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပေမယ့် ဘယ်လို သဘောတူညီချက်မဆို ပါလက်စတိုင်း အကျိုးစီးပွားကို ကာကွယ်ရမယ်၊ အစ္စရေးတပ် တွေ ဂါဇာက အပြည့်အဝ ရုပ်သိမ်းရေးကို အာမခံရမယ်၊ စစ်ပွဲကို အဆုံးသတ်ရမယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။ ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အဲဒီ အရာရှိက “သိမ်းပိုက်မှု ဆက်ရှိနေ သရွေ့ ခုခံရေးရဲ့ လက်နက်တွေဟာ အနီရောင်မျဥ်း (Red Line) ဖြစ်တယ်” လို့ ဖြေကြားခဲ့ပါတယ်။
” ၁၉၆၇ ခုနှစ် နယ်နိမိတ်သတ်မှတ်ထားချက်အပေါ်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုကို အာမခံတဲ့ နိုင်ငံရေး ဖြေရှင်းချက် မူဘောင်အတွင်းမှာသာ လက်နက်ကိစ္စကို ဆွေးနွေးနိုင်မယ်” လို့ ပြောပါတယ်။ သမ္မတထရမ့်ဟာ အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်ရောက်လာချိန်က စလို့ နေတန်ယာဟုကို အခိုင်အမာ ထောက်ခံခဲ့ပေမယ့် မကြာသေးမီ ရက်သတ္တပတ်တွေ အတွင်း အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေ အပေါ် စိတ်ပျက်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အဓိက မဟာမိတ် နိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံ မှာရှိတဲ့ ဟာမတ်စ် အဖွဲ့ဝင်တွေကို အစ္စရေးက မကြာသေးမီက တိုက်ခိုက်ခဲ့တဲ့ အပေါ် ထရမ့်က စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း ဖော်ပြခဲ့ပါတယ်။
တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲ မတိုင်မီ နေတန်ယာဟုဟာ အစ္စရေးရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ကာတာ စစ်မှုထမ်း တဦး မတော်တဆ သေဆုံးခဲ့ခြင်းအတွက် တကယ့်ကို နောင်တရကြောင်း ထုတ်ဖေါ်ပြောဆိုဖို့အတွက် အိမ်ဖြူတော် ကနေ ကာတာဝန်ကြီးချုပ် ဆီ ဖုန်းခေါ်ဆိုခဲ့ပါတယ်။
၂၀၂၃ အောက်တိုဘာ ၇ ရက် မှာ ဟားမတ်စ် ကနေ အစ္စရေး ထဲ ဝင်ရောက် တိုက်ခိုက်ခဲ့သလို ရောကက်ပေါင်း ထောင်ချီ ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၁၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ အတွက် အစ္စရေးစစ်တပ်က ဂါဇာ စစ်ဆင်ရေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးတို့ရဲ့ တုန့်ပြန် စစ်ဆင် တိုက်ခိုက်မှုတွေကြောင့် လူ အနည်းဆုံး ၆၆၀၅၅ ဦး သေဆုံးခဲ့ ပြီလို့ ဟားမတ်စ် အုပ်ချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ကုလသမဂ္ဂ ကျောထောက်နောက်ခံ အဖွဲ့တခုက ဂါဇာစီးတီး မှာ အစာရေစာရှားပါးမှု (famine) ဖြစ်ပွားနေတာကို မကြာသေးခင်က အတည်ပြုခဲ့ပါတယ်။
အခုလ အစောပိုင်းက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုက အစ္စရေးဟာ ဂါဇာမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ကောက်ချက်ချခဲ့ရာ အစ္စရေးက ပြင်းပြင်းထန်ထန် ပယ်ချလိုက်ပါတယ်။
ref: bbc