နိုင်ငံတကာ

ထရမ့်ရဲ့ နျူကလီးယား စမ်းသပ်မှုက အန္တရာယ် ကြီးထွားလာစေမလား၊ လက်နက်ပြိုင်ဆိုင်မှုထဲ ရောက်ရှိနေပြီလား

နိုဝင်ဘာ ၁ – ၂၀၂၅

နိုင်ငံရဲ့ မူဝါဒကို အစွန်းတဘက် ရောက်သွားစေနိုင်တဲ့ နျူကလီးယား လက်နက်စမ်းသပ်မှုကို အမေရိကန် စတင်တော့မယ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က ကြေညာလိုက်ပါတယ်။

“တခြားနိုင်ငံတွေရဲ့ စမ်းသပ်မှု အစီအစဉ်တွေကြောင့်၊ ကျွန်တော်တို့ရဲ့ နျူကလီးယား လက်နက်တွေကို တန်းတူ အခြေခံနဲ့ စတင် စမ်းသပ်ဖို့ စစ်ဌာနချုပ်ကို ညွှန်ကြားထားပါတယ်” လို့ ထရမ့်က တရုတ်သမ္မတနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေစဉ် ကြာသပတေးနေ့ က Truth Social မှာ ရေးသား ဖေါ်ပြခဲ့ပါတယ်။

“အဲဒီ လုပ်ငန်းစဉ်ဟာ ချက်ချင်း စတင်ပါလိမ့်မယ်” လို့လည်း ထပ်မံ ရေးသားခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ မြောက်ကိုရီးယား တနိုင်ငံတည်း နျူကလီးယား လက်နက်ကို အမှန်တကယ် စမ်းသပ်ခဲ့ဖူးပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာတော့ စမ်းသပ်ခြင်းမရှိတော့ပါ။

စစ်သေနာပတိချုပ် ‌ဒေါ်နယ်ထရမ့်ရဲ့ ကြေညာချက်ကို အိမ်ဖြူတော်က ရှင်းလင်းချက် တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါ။

ဒါကြောင့် ထရမ့်က နျူကလီးယား ပို့ဆောင်ရေး စနစ်တွေကို စမ်းသပ်ဖို့ ဆိုလိုတာလား ဒါမှမဟုတ် နျူကလီးယား လက်နက်တွေကို စမ်းသပ်ဖို့လား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါ။

နောက်ပိုင်း ပို့စ်တွေမှာတော့ နျူကလီးယား စမ်းသပ်မယ့် နေရာကို နောက်မှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

နျူကလီးယား မူဝါဒ ကျွမ်းကျင်သူတွေ ကတော့ နျူကလီးယား လက်နက် စမ်းသပ်ခြင်းဟာ အန္တရာယ်ရှိနေတဲ့ အချိန်မှာ အန္တရာယ်ကို ပိုမို မြင့်မားစေနိုင်တယ်လို့ ပြောကြားခဲ့ပြိး ကမ္ဘာကြီးဟာ နျူကလီးယား လက်နက် ပြိုင်ဆိုင်မှုဆီကို ဦးတည်နေကြောင်း အခြေအနေတွေ အားလုံး က ဖော်ပြ နေတယ်လို့ ဆိုပါတယ်။

နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာ ဆယ်စုနှစ်တွေ ကြာအောင် (မြောက်ကိုရီးယား မပါ) ဒီနျူကလီးယား စမ်းသပ်မှုတွေကို မလုပ်ဆောင်ခဲ့တာကြောင့် အခု ကိစ္စဟာ domino effect (ကွင်းဆက် အကျိုးဆက်) ကို ဖြစ်ပေါ် စေနိုင်ပါတယ်” လို့ နျူကလီးယားမူဝါဒဆိုင်ရာ ပညာရှင် တဦး ဖြစ်သူ Jamie Kwong က ပြောပါတယ်။

“အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ဟာ လက်နက် ပြိုင်ဆိုင်မှု ဖြစ်လာနိုင်တဲ့ အချိန်တခုဆီကို ဦးတည်နေတဲ့ အလွန်စိုးရိမ်စရာ အခြေအနေမှာ ရှိနေ ပါတယ်” လို့ သူက ပြောဆိုသွားပါတယ်။

ဝါရှင်တန် အခြေစိုက် လက်နက် ထိန်းချုပ်ရေး အသင်း အမှုဆောင် ဒါရိုက်တာ Daryl Kimball က အမေရိကန်ရဲ့ နျူကလီးယား လက်နက် စမ်းသပ်မှု ပြန်လည်စတင်ခြင်းဟာ “သမိုင်းဝင် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ အမှားတခု” ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

နျူကလီးယား ပဋိပက္ခဖြစ်ပွားနိုင်ခြေဟာ နှစ်ပေါင်း များစွာကြာအောင် “ဆက်တိုက်မြင့်တက်နေတာ” လို့ သူကပြောပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ဟာ သူတို့ရဲ့ လက်နက်တွေ အပေါ် ကန့်သတ်ချက် ဆွေးနွေးမှု အသစ်တွေ မပြုလုပ်ဘူးဆိုရင် လာမည့်နှစ်တွေ အတွင်း အမေရိကန်၊ ရုရှားနဲ့ နောက်ပိုင်းမှာ တရုတ်တို့ အကြား ထိန်းချုပ်မှု မရှိတဲ့ အန္တရာယ်ရှိတဲ့ သုံးပွင့်ဆိုင် လက်နက်ပြိုင်ဆိုင်မှု ကို မြင်တွေ့ရဖွယ် ရှိတယ်လို့ Daryl Kimball က မှတ်ချက်ပြု ပြောဆိုသွားပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *