အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင်ပင်းတို့ဟာ တောင်ကိုရီးယား နိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီ ဖြစ်ပြီး နှစ်နိုင်ငံအကြား မကြာခဏဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်နိုင်ရေး သဘောတူညီချက် တရပ်အတွက် ဆွေးနွေးမှုတွေ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပနေတဲ့ APEC ထိပ်သီးအစည်းဝေးကို ဒီကနေ့ရောက်ရှိလာတဲ့ တရုတ်သမ္မတ ရှီကျင်ပင်း နဲ့ အဲဒီမှာ ရောက်ရှိနေတဲ့ သမ္မတ ထရမ့် တို့ ဘူဆန် လေဆိပ်မှာ တွေ့ဆုံ ကြတာပါ။
ထရမ့်ဟာ အခု အာရှခရီးစဉ်မှာ အခုအချိန်အထိ သူလိုချင်နေတာတွေကို ရရှိနေတာ ဖြစ်ပေမယ့် အခု ရှီကျင်ပင်း ကတော့ တခြား ခေါင်းဆောင်တွေလို ထရမ့် လိုချင်တာကို မျက်နှာသာပေး အလိုလိုက် မှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။
ခေါင်းဆောင် နှစ်ဦးဟာ တွေ့ဆုံပွဲမှာ တဘက်နဲ့ တဘက် ကနဦး နှုတ်ဆက် စကားပြောကြား ခဲ့ကြပါတယ်။
ထရမ့်က ဆွေးနွေးပွဲကို ဝင်ရောက်လာချိန် အလွန်တရာမှ အောင်မြင်တဲ့ အစည်းအဝေး တခုဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ရှီကျင်ပင်း ကလည်း ထရမ့်ကို တွေ့ရတာ တကယ့်ကို ကောင်းမွန်ပါတယ်လို့ နှုတ်ဆက်ပါတယ်။
‘’ကမ္ဘာ့ဦးဆောင် စီးပွားရေး နိုင်ငံနှစ်ခု အနေနဲ့ မကြာခဏဆိုသလို ပွတ်တိုက်မှုတွေ ရှိနေတာဟာ ပုံမှန်ပါပဲ” ဟု ရှီက ပြောကြားခဲ့ပြီး၊ “နှစ်နိုင်ငံလုံး အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် တည်ရှိနေသင့်တယ်” လို့လည်း ပြောပါတယ်။
သူတို့ နှစ်ဦး နောက်ဆုံး တွေ့ခဲ့တာကတော့ ၂၀၁၉ က ဂျပန်နိုင်ငံ အိုဆာကာ မှာ G20 ထိပ်သီးအစည်းအဝေးမှာ ဖြစ်ပါတယ်။
အခုဆိုရင် သတင်းထောက်တွေကို အပြင်ကို ထွက်ခွာစေခဲ့ပြီး ခေါင်းဆောင် ၂ ဦး တံခါးပိတ် ဆွေးနွေး နေကြပြီ ဖြစ်ပါတယ်။
—————————
THN Public Media
