ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါ်သက်သက်ခိုင် ကို စစ်ကော်မရှင် ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ကနေ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်း အဖြစ် အသိအမှတ် ပြုပြီးနောက် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ အခန်း ၅ – ဥပဒေ ပုဒ်မ ၈ (ဃ) အရ ငြိစွန်းတဲ့ အတွက် ပြန်လည် ပယ်ဖျက် လိုက်ကြောင်း မနေ့က သတင်းဌာနတွေရဲ့ မေးမြန်းထားမှုတွေ အပေါ် UEC က ဖြေကြား သွားခဲ့ပါတယ်။
အခန်း ၅ ကတော့ ‘’ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူများ နှင့် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိသူများ’’ ဆိုတဲ့ ခေါင်းစဥ် ဖြစ်ပါတယ်။
ပုဒ်မ ၈ (ဃ) မှာတော့ ‘’နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန် တာဝန်များ ကင်းရှင်းသူ’’ လို့ ဖေါ်ပြထားတဲ့ အတွက် ဒေါ်သက်သက်ခိုင် အနေနဲ့ နိုင်ငံတော် ဒါမှမဟုတ် ပုဂ္ဂလိက တခုခုကို ပေးဆောင်ဖို့ ပျက်ကွက်နေတယ်လို့ ယူဆနိုင်ပါတယ်။
ဒေါ်သက်သက်ခိုင် အနေနဲ့ ဘယ်လိုမျိုး ပေးရန် တာဝန်ကျန်ရှိနေတာလဲ ဆိုတာကိုတော့ UEC က အသေးစိတ် ထုတ်ဖေါ် ပြောဆိုတာမျိုး မရှိပါ။
အပြင်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေ အရ ဒေါ်သက်သက်ခိုင်ဟာ ဆောင်လုပ်ရေး လုပ်ငန်းတခု အတွက် ဘဏ်ကနေ ယူထားတဲ့ ချေးငွေ အမြောက် အများ ပြန်လည် ပေးသွင်းဖို့ တာဝန်ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို ပယ်ဖျက်မှု အပေါ် အယူခံတင်သွင်းခွင့် ရှိမရှိ မေးမြန်းမှုကိုတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း စိစစ်တာတွေကို နောက်ဆုံး ရက်သတ်မှတ် ကြေညာပြီးသား ဖြစ်တဲ့ အတွက် အချိန် ကျော်သွားပြီ ဖြစ်ကြောင်း ဖြေကြားထားပါတယ်။
ဒီအတွက် ဒေါ်သက်သက်ခိုင် အနေနဲ့ အယူခံတင်ခွင့်လည်း ရှိတော့မှာ မဟုတ်ပါ။
—————————
THN Public Media
