War နိုင်ငံတကာ သတင်း

ဓားစာခံတွေ ‘လာမည့်ရက်တွေအတွင်း’ ပြန်လွတ်လာဖို့ ကြေညာနိုင်မယ် လို့ နေတန်ယာဟု ပြောကြား

အောက်တိုဘာ ၅ – ၂၀၂၅

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ဂါဇာမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်လာဖို့ကို “လာမည့်ရက်တွေ အတွင်း” ကြေညာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ နေတန်ယာဟုက “ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းမယ်၊ ဂါဇာကို စစ်မဲ့ဇုန်အဖြစ် ပြောင်းလဲမယ်၊ လွယ်ကူတဲ့နည်းလမ်းနဲ့ဖြစ်စေ၊ ခက်ခဲတဲ့ နည်းလမ်းနဲ့ ဖြစ်စေ၊ အောင်မြင်အောင် လုပ်ဆောင်မယ်” လို့ ပြောကြားသွားပါတယ်။

ဟားမတ်စ်က အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်အရ ဓားစာခံတွေ လွှတ်ပေးဖို့ သဘောတူ ကြောင်း သောကြာနေ့က ထုတ်ပြန်ချက် ထုတ်ပြီးနောက် အခုလို နေတန်ယာဟု ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းတဲ့ကိစ္စကို ထည့်သွင်း ပြောဆိုခြင်း မရှိဘဲ အခြား ကိစ္စရပ်တွေမှာ ဆွေးနွေးညှိနှိုင်းလိုကြောင်း တောင်းဆိုခဲ့ပါတယ်။

စနေနေ့ မနက်ပိုင်းမှာတော့ ဂါဇာကို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးဟာ “လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ” ကို ဆက်လက် ကျူးလွန်နေတယ်လို့ ဟားမတ်စ်က ပြောကြားခဲ့ပြီး အစ္စရေးအပေါ် ကမ္ဘာ့က ဖိအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

သက်ဆိုင်သူတွေ ပါဝင်တဲ့ တိုက်ရိုက်မဟုတ်တဲ့ အပစ်ရပ်စဲရေး ဆွေးနွေးမှုတွေကို တနင်္လာနေ့ အီဂျစ်မှာ စတင်ဖို့ စီစဥ်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သဘောတူညီချက်ကို အပြီးသတ်ဖို့ ဟားမတ်စ်ရဲ့ “နှောင့်နှေးကြန့်ကြာမှုတွေကို သည်းခံမှာမဟုတ်” လို့ ပြောကြား ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *