နိုင်ငံတကာ နိုင်ငံရေး

ပူတင်နဲ့ ဆွေးနွေးမှုတွေဟာ ‘ဘယ်မှ မရောက်’ ဘူးလို့ ထရမ့်က ပြောကြားလိုက်ပြီး ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်

အောက်တိုဘာ ၂၃ – ၂၀၂၅

ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရေး မော်စကို ကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန်ပြည်ထောင်စု ဟာ ရုရှားရဲ့ အကြီးဆုံး ရေနံ ကုမ္ပဏီနှစ်ခု ဖြစ်တဲ့ Rosneft နဲ့ Lukoil ကို ပစ်မှတ်ထားကာ ပိတ်ဆို့ အရေးယူမှုအသစ်တွေကို ကြေညာလိုက်ပါတယ်။

“ဗလာဒီမီယာ နဲ့ စကားပြောတိုင်း ကောင်းမွန်တဲ့ စကားဝိုင်းတွေ ဖြစ်ခဲ့ ပေမဲ့ ဘယ်မှကို မရောက်ဘူး။ ဘယ်နေရာမှကို မရောက်ဘူး” လို့ သမ္မတ ဒေါ်နယ်ထရမ့်မ်က နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နဲ့ ဆွေးနွေးပြီးနောက် ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဘူဒါပက် မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစည်းအဝေးကို အချိန်ကာလ အကန့်အသတ် မရှိ ဆိုင်းငံ့လိုက်ကြောင်း ထရမ့်မ် ပြောကြားပြီးနောက် တရက်အကြာ အခုလို ပိတ်ဆို့ အရေးယူမှု ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက ရုရှားဟာ ယူကရိန်း အပေါ် ပြင်းထန်တဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ရာ ကလေးတွေ အပါအဝင် လူအနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က “အဓိပ္ပာယ် မရှိတဲ့ စစ်ပွဲကို အဆုံးသတ်ရေး ပူတင်ရဲ့ ငြင်းဆန်မှု” ကြောင့် ပိတ်ဆို့ အရေးယူမှု အသစ်တွေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခု ဒဏ်ခတ်လိုက်တဲ့ ကုမ္ပဏီတွေဟာ ခရင်မလင် ရဲ့ “စစ်ယန္တရား” ကို ရန်ပုံငွေ ထောက်ပံ့နေတဲ့ ရေနံကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ခုက လူသတ်တာကို ရပ်တန့်ဖို့နဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ အချိန်ပဲ” လို့ Scott Bessent က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ဗုဒ္ဓဟူးနေ့က ဘဲဥပုံရုံးခန်း မှာ နေတိုး အကြီးအကဲ နဲ့ စကားပြောရာမှာ “အချိန်တန်ပြီလို့ပဲ ကျွန်တော် ခံစားရတယ်။ ကျွန်တော်တို့ အကြာကြီး စောင့်ခဲ့ရပြီ” လို့ ထရမ့်မ်က ဆိုပါတယ်။

ပိတ်ဆို့အရေးယူမှု အစီအစဉ်ဟာ “ကြီးကျယ်ခမ်းနားတယ်” လို့ ထရမ့်က ခေါ်ဆိုပြီး ရုရှားက စစ်ပွဲရပ်တန့်ဖို့ သဘောတူပါက ဒါတွေကို အလျင် အမြန် ရုပ်သိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *