အသက် ၂၆ နှစ်အရွယ် ဘီလာရုစ် အဆိုရှင်တဦး ဖြစ်သူ ဗီရာ ကေ (Vera K.) ဟာ ထိုင်းနိုင်ငံမှာ မော်ဒယ်လ် အလုပ် ရှာဖွေဖို့ သွားရောက်ခဲ့ရာ၊ ကျားဖျန့် လိမ်လည်တဲ့ စင်တာတခုကို ရောက်ရှိ သွားခဲ့ပြီးနောက် မြန်မာနိုင်ငံ ဘက်ကို ခေါ်ဆောင်ခြင်း ခံခဲ့ရတယ်လို့ ယူကရိန်း UNN သတင်းမှာ ဖေါ်ပြထားပါတယ်။
မနေ့ အောက်တိုဘာ ၁၅ ရက်နေ့က ဖေါ်ပြထားတဲ့ အဲဒီ သတင်း အရ ဗီရာ ကေ ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းစားခဲ့ပြီး ခန္ဓာ ကိုယ်ကို မီးသင်္ဂြိုဟ်လိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့ မိသားစုတွေကို အကြောင်းကြား လာတယ်လို့ ဆိုပါတယ်။
ကျားဖျန့်ဂိုဏ်း အဖွဲ့က ဗီရာ ကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ အဲဒီမှာ ချိန်းတွေ့တဲ့ ဆိုဒ်တွေ ဖြစ်တဲ့ အွန်လိုင်း Dating Sites တွေကနေ အမျိုးသားတွေဆီ က ငွေညှစ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ အစောပိုင်းမှာ ဗီရာ ကေ နဲ့ အဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီး၊ မိသားစုထံကို “အင်္ဂါအစိတ်အပိုင်းတွေ ရောင်းစား ခံရပြီး၊ သူမ၏ ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်လိုက်ပြီ” လို့ အကြောင်း ကြားခဲ့ကြောင်း UNN သတင်းဌာနက ရုရှား မီဒီယာတွေကို ကိုးကား ဖေါ်ပြထားတာ ဖြစ်ပါတယ်။
အခုသတင်း မတိုင်ခင် UNN သတင်းဌာန ရဲ့ ဖေါ်ပြချက်အရ အသက် ၂၀ အရွယ် ယူကရိန်း မော်ဒယ်လ် မာရီယာ ကိုဗယ်ချပ် (Maria Kovalchuk) ပျောက်ဆုံးသွားတဲ့ အတွက် သူ့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ လိုက်လံရှာဖွေခဲ့ရာ တပတ်အကြာမှာ ဒူဘိုင်းတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မာရီယာ ဟာ ဒဏ်ရာတွေ ရရှိထားပြီး ဆေးရုံတက် ကုသမှု ခံယူနေရကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ယူကရိန်း ကောင်စစ်ဝန်ရုံး က သူမရဲ့ ဆွေမျိုးတွေ၊ ရှေ့နေနဲ့ ယူအေအီး က သက်ဆိုင်ရာ အာဏာပိုင် ကိုယ်စားလှယ်တွေနဲ့ အမြဲမပြတ် ဆက်သွယ် ဆောင်ရွက် နေပြီး အမှုကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Crd – UNN
Photo: UNN
—————————
THN Public Media