နိုင်ငံရေး

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီး

အောက်တိုဘာ ၂၉ – ၂၀၂၅

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား တစင်းဖြစ်တဲ့ ” ရတနာသိင်္ခတံတား ” အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက မိုင်းခွဲ ဖျက်ဆီး ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တံတားဖောက်ခွဲခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး ကျိုးကျ ပျက်စီး သွားကြောင်း ၊မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုအပိုင်းမှာ စဥ့်ကူးမြို့နယ် ဘက် အခြမ်းဖြစ်တယ်လို့ သိရပါတယ်။

” တံတားက ည ၁၂ ကျော်လောက်တုန်းက ဖောက်ခွဲခံရတယ် သိရတယ် ။ဘယ်သူက လုပ်တယ်ဆိုတာတော့ မသိပါဘူး။ တံတားတိုင်အမှတ် ၄ /၅ နဲ့ ၆/၇ ကျိုးကျ ပျက်စီးသွားတယ်သိရတယ် ” လို့ ရွှေဘိုဒေသခံက ပြောပါတယ်။

ရတနာသိင်္ခတံတားရဲ့ တဘက်ခြမ်း ကျောက်မြောင်းမြို့နယ်မှာ စစ်တပ်က အုပ်ချုပ်ထားပြီး စဥ့်ကူးမြို့နယ် မှာတော့ PDF တပ်တွေက ထိန်းချုပ် ထားတာဖြစ်ကြောင်း ၊ တံတားကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာ တနှစ်ကျော် ကြာပြီ ဖြစ်တယ် လို့သိရှိရပါတယ်။

ရတနာသိင်္ခတံတားဟာ ၂၄၈၀ ပေ အရှည်ရှိပြီး သံကူ ကွန်ကရစ်တံတား အမျိုးအစား ဖြစ်တယ်လို့သိရပါတယ်။

တံတားကြီးကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၀ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေ ကတော့ ” တံတားတွေ မိုင်းခွဲတာတော့ ဘယ်အဖွဲ့က လုပ်လုပ် လက်မခံ ပါဘူး။ ဒါမျိုးကန့်ကွက်ပါတယ်။ တံတားတစင်း ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ” လို့ မှတ်ချက်ပြုပြောပါတယ်။

ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးမှုနဲ့ပတ်သက်ပြီး စစ်တပ် ဘက်က သတင်း ထုတ်ပြန်တာ မရှိသေးသလို PDF တပ်တွေ ဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါ။

ဓာတ်ပုံ – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *