မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဒီကနေ့ စတင်လိုက်တဲ့ ၄၇ ကြိမ်မြောက်အာဆီယံ ထိပ်သီး အစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေး ဖွင့်ပွဲမှာ အရှေ့တီမော နိုင်ငံကို အာဆီယံ ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်တဲ့ အပေါ် အရှေ့တီမော ဝန်ကြီးချုပ် ရှာနာနာ ဂွတ်ရှ်မောင်း ဟာ ပျော်ရွှင်လွန်းလို့ မျက်ရည်များပင် ကျခဲ့ပါတယ်။
၁၄ နှစ်တာ မျှော်လင့်စောင့်စားခဲ့ရပြီးနောက် အခုတော့ အရှေ့တီမော ဟာ အာဆီယံ တင်းပြည့် အဖွဲ့ဝင် ဖြစ်ခဲ့ပါပြီ။
အဖွဲ့ဝင် ဖြစ်ပြီ ဖြစ်ကြောင်း သမိုင်းဝင် ကြေညာချက်ကို ပြုလုပ်ပြီးတာနဲ့ တပြိုင်နက် ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာရှိ နိုင်ငံတကာ မီဒီယာစင်တာ တစ်လျှောက်မှာ အရှေ့တီမော ကိုယ်စားလှယ် အဖွဲ့နဲ့ မီဒီယာ ကိုယ်စားလှယ်တွေထံ ကနေ အားပေးသံတွေနဲ့ လက်ခုပ်သံတွေ ပဲ့တင် ထပ်ခဲ့ ပါတယ်။
အရှေ့တီမော မီဒီယာ ဆက်ဆံရေးအရာရှိ Augusto Sarmento က ပြီးခဲ့တဲ့ (၄၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ တုန်းက သူတို့နိုင်ငံ အဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းချက်တွေ အပေါ် သံသယတွေ ရှိခဲ့ပေမယ့် တီမော ပြည်သူတွေရဲ့ ရေရှည် ဆန္ဒဟာ နောက်ဆုံး အမှန်တကယ် ဖြစ်မြောက် လာခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အရမ်းကို စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အခု တရားဝင် အာဆီယံ အဖွဲ့ဝင် ဖြစ်သွားပြီ၊ ကြီးမားတဲ့ အာဆီယံ မိသားစုရဲ့ တစိတ်တပိုင်း ဖြစ်သွားပြီ။ အရေးအကြီးဆုံး ကတော့ အာဆီယံမှာ ရှင်းလင်းပြတ်သားတဲ့ စီးပွားရေး ရည်မှန်းချက် ရှိပြီး၊ ဒါက အရှေ့တီမော ပြည်သူတွေ အတွက် သာမက ဒေသတခုလုံး အတွက်ပါ မရှိမဖြစ် အရေးပါပါတယ်” လို့ ပြောတယ်။
အရှေ့တီမော ပါဝင်မှုဟာ သူတို့ရဲ့ ပြည်သူများအတွက် သာမက ပိုမိုကျယ်ပြန့်သော အာဆီယံ အသိုက်အဝန်း အတွက်ပါ စီးပွားရေး အကျိုးကျေးဇူးတွေ ယူးဆောင်လာမှာ ဖြစ်တယ်လို့လည်း Augusto Sarmento က ပြောကြာသွားခဲ့ပါတယ်။
ref: Bernama
—————————
THN Public Media
