နိုင်ငံတကာ နိုင်ငံရေး

မြန်မာစစ်ကော်မရှင် ဥက္ကဌ ထိပ်သီးအစည်းအဝေး တက်ရောက်မှာ မဟုတ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အတည်ပြု

‌အောက်တိုဘာ ၂၃ – ၂၀၂၅

၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကော်မရှင် ဥက္ကဌ တက်ရောက်မှာ မဟုတ်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဌ မလေးရှား နိုင်ငံ ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က အတည်ပြု ပြောကြား လိုက်ပါတယ်။

ထိပ်သီး အစည်းအဝေး တက်ရောက်မယ့် အာဆီယံ ခေါင်းဆောင်တွေ ဆက်စပ် အစည်းအဝေးတွေ အတွက် ကမ္ဘာ့ကိုယ်စားလှယ်တွေ နဲ့ အစည်းအဝေး အစီအစဥ်တွေ အကြောင်း ကို လွှတ်တော် အစည်းအဝေး မေးမြန်းခန်း မှာ မစ္စတာ အန်နဝါ က ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

အခုကျင်းပမယ့် ထိပ်သီး အစည်းအဝေး ဟာ ထူးခြားပြီး သမိုင်းဝင် အခမ်းအနား တခု အနေနဲ့ သူက ဖေါ်ပြ ပြောဆိုသွားပါတယ်။

အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှား၊ ဥရောပ၊ အရှေ့ အလယ်ပိုင်း၊ လက်တင် အမေရိက၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ တောင်အာဖရိက အပါအဝင် ကမ္ဘာတဝန်းက ထိပ်တန်း ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီး မလေးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖူး ခဲ့သမျှ အကြီးမားဆုံးနဲ့ အရေးပါဆုံး နိုင်ငံတကာ စည်းဝေးပွဲကြီး တခု ဖြစ်လာ နိုင်တယ် လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဌ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF အကြီးအကဲ၊ အာဆီယံ+၃ မဟာစီးပွားရေး သုတေသနရုံး၊ အရှေ့အာရှ စီးပွားရေး ကောင်စီ နဲ့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံး တို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် “အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် နဲ့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ တို့လည်း အာဆီယံ အထူးအစည်းအဝေးတခုကို တက်ရောက်မယ်…’’ လို့ မစ္စတာ အန်နဝါက ပြောကြားသွားခဲ့ပါတယ်။

အရှေ့တီမော နိုင်ငံဟာ အာဆီယံရဲ့ တင်းပြည့် အဖွဲ့ဝင် ဖြစ်လာတော့မှာ ဖြစ်ရာ ဒါကလည်း မလေးရှား စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှု ရလဒ်ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *