နိုင်ငံရေး ပြည်တွင်း

မြန်မာ့ရွေးကောက်ပွဲကို တားဆီးလို့ မရနိုင်ကြောင်းနဲ့ ဘုံ ၅ ချက် ကို ထပ်မံ အတည်ပြု ကြောင်း အာဆီယံ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ က ဆုံးဖြတ်

အောက်တိုဘာ ၂၄ – ၂၀၂၅

မြန်မာ စစ်ကော်မရှင်က စီစဥ်ထားတဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အာဆီယံ အနေနဲ့ တားဆီး လို့ မရနိုင်ကြောင်း ဒီကနေ့ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံ ၃ ပွင့်ဆိုင် (ASEAN Troika) ဆွေးနွေးပွဲ အပြီး မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံ အစည်အဝေး မတိုင်ခင် မြန်မာ့အရေး အာဆီယံ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဒီကနေ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မစ္စတာ ဟာဆန်က

“သူတို့ ကျင်းပတာကို ကျွန်တော်တို့ တားလို့မရပါဘူး။ ဒါပေမဲ့ ဘယ်ရွေး ကောက်ပွဲ ဖြစ်စေ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အားလုံးပါဝင်နိုင်မှု ရှိရမယ်လို့ ကျွန်တော်တို့ အခိုင်အမာ တောင်းဆိုပါတယ်… နိုင်ငံသားအားလုံး ပါဝင်နိုင်ရပါမယ်” လို့ သတင်းထောက် တွေကို ပြောပါတယ်။

“မြန်မာနိုင်ငံ လူဦးရေ တစိတ်တပိုင်းကိုသာ မဲပေးခွင့်ပြုပြီး ကျန်သူတွေကို ချန်လှပ် ထားတဲ့ ရွေးကောက်ပွဲမျိုးကို ကျွန်တော်တို့ မလိုချင်ပါဘူး” လို့လည်း သူက ထပ်လောင်း ပြောကြားပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကိစ္စရပ်တွေကို လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဆက်လက် တင်ပြ ဆွေးနွေး သွားမှာ ဖြစ်ကြောင်းလည်း မိုဟာမက်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံ ရဲ့ အခြေခံအုတ်မြစ် အဖြစ် ဆက်လက် တည်ရှိ နေကြောင်း သူက ထပ်မံ အတည်ပြု ပြောကြား ပါတယ်။

အာဆီယံ သုံးပွင့်ဆိုင် ယန္တရား ဆိုတာ မြန်မာ့အရေး အတွက် အာဆီယံ လက်ရှိဥက္ကဌ၊ အရင် ဥက္ကဌ နဲ့ လာမယ့် ဥက္ကဌ ၃ နိုင်ငံ ယန္တရား ဖြစ်ပါတယ်။

အခု ကျင်းပတော့မယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီး အစည်းအဝေးတွေ မတိုင် ၃ နိုင်ငံ နိုင်ငံရေးဝန်ကြီးတွေ မြန်မာ့အရေး အတွက် ဆွေးနွေးခဲ့ကြတာ လည်း ဖြစ်ပါတယ်။

“အာဆီယံရဲ့ ရပ်တည်ချက်က ရှင်းလင်းပါတယ်။ မြန်မာ့အရေးကို ကိုင်တွယ် ဖြေရှင်း ရာမှာ အချက်ငါးချက်ပါ သဘောတူညီချက်က ကျွန်တော်တို့ ချဉ်းကပ်ပုံရဲ့ အခြေခံအုတ်မြစ်ပါပဲ”

“ကျွန်တော်တို့ အဲဒီကနေ လုံးဝ သွေဖယ်သွားမှာ မဟုတ်ပါဘူး။ အဲဒါက ကျွန်တော်တို့ ရဲ့ ဆွေးနွေးမှုတွေ၊ မြန်မာနိုင်ငံကို အကူအညီပေးရေး ကြိုးပမ်းမှုတွေနဲ့ မြန်မာနိုင်ငံ ပုံမှန် အခြေအနေကို ပြန်ရောက်ဖို့အတွက် အခြေခံအုတ်မြစ် အဖြစ် ရှိနေပါတယ်” လို့ မိုဟာမက် ဟာဆန် ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံ AHA စင်တာ ကနေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မြန်မာကို ပေးအပ်သွားမှာ ဖြစ်ပြီး၊ အထူးသံတမန်နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံသို့ သွားရောက်မှာ ဖြစ်ကြောင်း လည်း သူက ပြောပါတယ်။

အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ကွန်ရက်တွေ ကြီးထွားလာမှု အပေါ် စိုးရိမ်ပူပန်မှုတွေကိုလည်း ထုတ်ဖော်ခဲ့ပြီး၊ ဒီရာဇ၀တ်မှုတွေ ဟာ အိမ်နီးချင်း ဒေသတင်း ပြင်ပကိုပါ ဆိုးရွားစွာ ထိခိုက် စေခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံခြားသားတွေ ဟာလည်း နယ်စပ်ဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်လာခဲ့ကြကြောင်း မိုဟာမက်က ပြောပါတယ်။

“ဒါက အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် အနီးနားက နိုင်ငံတွေအတွက် အဓိက ပြဿနာ ဖြစ်လာပြီဖြစ်လို့ မြန်မာအာဏာပိုင်တွေနဲ့ တာဝန်ရှိသူအားလုံးကို ဒါကို ရပ်တန့်ဖို့ ကျွန်တော်တို့ လိုချင်ပါတယ်” သူက ပြောဆိုသွားခဲ့ပါတယ်။

ref: malaysian reserve
—————————
THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *