စက်တင်ဘာ ၂၁ – ၂၀၂၅
လာမယ့် ဒီဇင်ဘာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့်ဝင်ပြိုင်မယ့် ပါတီတွေဟာ မဲဆန္ဒနယ်အားလုံးရဲ့ တဝက် ဝင်ရောက် ရမယ် ဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေကို ”တဝက် အစား” အနည်းဆုံး ”၄ ပုံ ၁ ပုံ” သာ ဝင်ရောက် ယှဥ်ပြိုင်ရမယ်ဆိုပြီး ဥပဒေ ပြင်ဆင်ကြောင်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကနေ ဒီကနေ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) ကို ပြင်ဆင် ပြဌာန်းလိုက်တာလို့ ဖေါ်ပြထားပြီး ပုံ – မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး ယာယီသမ္မတ ဆိုပြီး လက်မှတ်ရေးထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။
ပြင်ဆင်ချက်အရ
❝(၁) ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသ ကြီးလွှတ်တော် သိုမဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ် အားလုံး၏ #လေးပုံတပုံတွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊❞ လို့ အစားထိုးပြင်ဆင်ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့တုန်း ကတော့ ပြည်သူ့ပါတီ ကနေ မဲဆန္ဒနယ် အရေအတွက်ကို မဲဆန္ဒနယ်အားလုံး ရဲ့ ၃ ပုံ ၁ ပုံ လျှော့ချပေးဖို့နဲ့ သွားလာရန် ခက်ခဲတဲ့ မြို့နယ်တွေ အတွက် အွန်လိုင်း ကနေ ဆောင်ရွက်ခွင့် ပြုဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို အနည်းဆုံး ဝင်ရောက် ယှဥ်ပြိုင်ရမယ့် မဲဆန္ဒနယ်မြေ လျှော့ချလိုက်တဲ့အတွက် ကိုယ်စားလှယ်လောင်း အရေအတွက်လည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။
