ပြည်တွင်း

သူခိုးကြီးညမှာ ကြက်ခိုးတဲ့သူကို PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ရိုက်သတ်မှု ဖြစ်

နိုဝင်ဘာ ၆ – ၂၀၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ မနေ့ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့၊ သူခိုးကြီးညမှာ ကြက်ဝင်ခိုးတဲ့သူကို ပြည်သူရှေ့ဆောင်ပါတီ (PPP) က လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ သားဖြစ်သူက ထိုးကြိတ်ရိုက်နှက်ရာက လူသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီဖြစ်စဥ်ဟာ ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ မနက် ၂ နာရီခွဲဝန်းကျင်က တောင်ကြီးမြို့နယ်၊နယ်မြေ (၂) မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြက်ခိုးယူဖို့ ကြိုးပမ်းတဲ့ ဦးစိုင်းထွန်းဆာ ဆိုသူကို PPP ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုး တို့က တုတ်နဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာကနေ လူသေဆုံးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက “ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ပြည်နယ်/တိုင်း ကတော့ သတင်းပို့ထားပါတယ်။ သူတို့ ကြက်ခိုးတဲ့ကိစ္စနဲ့ ပတ်သက် ပြီးတော့ ဒါကလည်း ပိုင်ရှင်ရဲ့ ဒေါသအလျောက် ဖြစ်သွားတာထင်တယ်။ အဲဒါကြောင့် အခုလို လူသေမှုအထိ ဖြစ်သွားတာပေါ့။ လက်ရှိကတော့ သက်ဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ပြောပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ပြစ်မှု ကျူးလွန်သူတွေဖြစ်တဲ့ ဦးစိုင်းရွှေထီးနဲ့ စိုင်းကျော်စိုးမိုး တို့ကို အေးသာယာ နယ်မြေရဲစခန်းက ဖမ်းဆီးပြီး (ပ) အမှတ် ၇၁/၂၀၂၅ ၊ ပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အခုလို လွှတ်တော် ကိုယ်စားလှယ်လောင်းတယောက် အနေနဲ့ လူသတ်မှု ဖြစ်ပွားတဲ့အထိ ပြစ်မှု ကျူးလွန်တာနဲ့ ပတ်သက်ပြီး လူထုကြား ဝေဖန်မှု တွေလည်း ထွက်ပေါ်နေတာပါ။

ဒါနဲ့ ပတ်သက်လို့ PPP ပါတီ ဒုတိယဥက္ကဋ္ဌ (၂) က “ကျွန်တော် သိရ သလောက်ကတော့ သူတို့က အိမ်နီးချင်းလို့လည်း ပြောတာပဲလေ။ တခြား အကြောင်းအရာ၊ ပြဿနာတွေလည်း ရှိကောင်း ရှိလိမ့်မှာပေါ့နော်။ ကျွန်တော်တို့ ကတော့ ဘာမှ မှတ်ချက် မပေးလိုဘူး။ ဒါပေမယ့် သိတာ ကတော့ ဒေါသအလျောက် ဖြစ်တယ်လို့တော့ သိတယ်၊ ဒါပါပဲ။ သူလုပ်တယ် ဆိုရင်တော့ သူ့ရဲ့ ဥပဒေပုဒ်မနဲ့ အရေးယူခံရမှာပေါ့” လို့ ပြောပါတယ်။

ဒါအပြင် လက်ရှိ ပြစ်မှု ကျူးလွန်သူနဲ့ ပတ်သက်လို့ ပါတီဝင် အဖြစ်ကနေ ရပ်စဲဖို့ ရှိ၊ မရှိ ဆိုတာကလည်း ပါတီအနေနဲ့ ဖြစ်စဉ် အသေးစိတ် ပြည့်ပြည့် စုံစုံ မသိရသေးတဲ့အတွက် ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအရ ပြည်လည် ဆုံးဖြတ်ရမယ့် အပိုင်းတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

“ဒါက သူတို့ရဲ့ personal ဖြစ်တဲ့ ကိစ္စပဲလေ။ လူတိုင်းမှာ personal ကိစ္စတွေ ကတော့ ရှိကြတာချည်းပဲ။ personal ဖြစ်တိုင်း ပါတီကို ရိုက်ခတ် ရမယ်လို့ မဟုတ်ဘူး၊ မဆိုင်ဘူးလေ။ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ သူ ဒါလုပ်ရင်တော့ အရေးယူခံရမှာပေါ့။ ဒါ သူ့ personal ကိစ္စ ဖြစ်သွား ပြီလေ။ ကျွန်တော်တို့ကတော့ ပါတီနဲ့ ဆိုင်လာရင်၊ ပါတီရဲ့ စည်းမျဉ်း စည်းကမ်း အတိုင်း မညီညွတ်ဘူးဆိုရင်တော့ အရေးယူရမှာပေါ့” လို့ သူက ပြောပါတယ်။

ဦးစိုင်းရွှေထီးဟာ လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျ PR စနစ်နဲ့ ပြည်သူ့ရှေ့ဆောင် PPP ပါတီကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ရောက် ယှဥ်ပြိုင်မယ့်သူဖြစ်ကာ လက်ရှိမှာတော့ သူ့ရဲ့ ကိုယ်စား‌လှယ်လောင်း‌နေရာ လစ်လပ်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

“အခု သူ့နေရာ လစ်လပ်သွားတာက လစ်လပ်အတိုင်းပဲ ဖြစ်သွားမှာ။ ကျွန်တော်တို့က တင်လို့မှမရတော့တာ။ ကိုယ်စားလှယ်လောင်း တင်တဲ့ ကန့်သတ်ရက်က ကျော်သွားပြီလေ။ ပြီးတော့ PR ကိုယ်စားလှယ် လောင်းက သူတယောက်တည်း ရှိတာမှမဟုတ်တာ။ PR က ၁၀ ယောက်ရှိ ရင် ၁၀ ယောက်လေ။ ၁၀ ယောက် ဆိုပေမယ့် PR သည် ၁၀ ယောက်လုံး နိုင်မှာမှ မဟုတ်တာ။ မဲအနည်းအများပေါ် မူတည်ပြီး သုံးယောက် နိုင်ရင် နိုင်မယ်၊ လေးယောက် နိုင်ရင်နိုင်မယ် အဲဒီသဘော ရှိတာလေ။ သူမပါရင် PR က ၁၀ ယောက်ရှိရင် ကိုးယောက်ပဲ ကျန်မှာပေါ့။ အဲဒီသဘော ဖြစ်သွားမှာပေါ့။ ပြီးတော့ PR စာရင်းကလည်း အခု နိုဝင်ဘာ လကုန်မှသာ ပို့ရမှာ” လို့ PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) က ပြောပါတယ်။

လက်ရှိ PPP ပါတီမှာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဟာလည်း သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတာကြောင့် ကိုယ်စားလှယ်စားရင်းကနေ ပယ်ဖျက်ခံထားရတာ ဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင် အနေနဲ့ ရွေးကောက်ပွဲ ဝင်ခွင့်ရရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြည်ထောင်စု‌ ရွေးကောက်ပွဲကော်မရှင် (UEC) ထံ အသနားခံစာ တင်ထားပေမယ့် လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *