နိုင်ငံတကာ

အင်္ဂလန် ဘောလုံး အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်း ကို ချားလ်စ် ဘုရင်က သူကောင်းဘွဲ့ချီးမြှင့်၊ ဆြာ ဒေးဗစ် ဘက်ခမ်း ဖြစ်လာ

နိုဝင်ဘာ ၅ – ၂၀၂၅

အင်္ဂလန် ဘောလုံး အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်း ကို ဘောလုံးအားကစား နဲ့ ဗြိတိသျှ လူ့အဖွဲ့အစည်းအပေါ် စွမ်းဆောင်ပေး ခဲ့တဲ့ လုပ်ဆောင်မှုတွေ အတွက် ချားလ်စ် ဘုရင်မင်းမြတ် ကနေ သူကောင်းဘွဲ့ ချီးမြှင့်လိုက်တဲ့ အတွက် သူဟာ ဆြာ ဒေးဗစ် ဘက်ခမ်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းက ချားလ်စ် ဘုရင်ရဲ့ မွေးနေ့ ဂုဏ်ပြုစာရင်း မှာ ပါဝင်ခဲ့တဲ့ အသက် ၅၀ အရွယ် ဘက်ခမ်း ကို ဘုရင်မင်းမြတ် က ဝင်ဆာ ရဲတိုက်မှာ မနေ့ နိုဝင်ဘာ ၄ ရက်နေ့က knighthood သူကောင်းဘွဲ့ ချီးမြှင့် ခဲ့တာ ဖြစ်ပါတယ်။

ဘက်ခမ်းဟာ နိုင်ငံအတွက် ဘောလုံး ပွဲ ၁၁၅ ပွဲ ကစားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ကနေ ၂၀၀၆ ခုနှစ် အထိ ခြောက်နှစ်ကြာ အင်္ဂလန် အသင်း ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နဲ့ ရီးယဲလ် မက်ဒရစ် ကွင်းလယ်လူဟောင်း ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းဟာ ကမ္ဘာ့ဖလား သုံးကြိမ် နဲ့ ဥရောပဖလား နှစ်ကြိမ် ယှဥ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ ယူနိုက်တက် အကယ်ဒမီက ပေါ်ထွက်လာတဲ့ ဘက်ခမ်းဟာ ပထမတန်း မှာ ၁၁ နှစ် ကစားခဲ့ပါတယ်။

၂၀၀၃ မှာတော့ ပေါင် ၂၅ သန်း နဲ့ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် စပိန်မြို့တော်မှာ လေးနှစ် ကစားခဲ့ကာ အဲဒီနောက် အမေရိကန်က မေဂျာလိဂ် အသင်း LA Galaxy ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

လော့စ်အိန်ဂျယ်လိစ် မှာ ရှိနေစဥ် AC Milan မှာ အငှားစာချုပ်နဲ့ နှစ်ကြိမ် ကစားခဲ့ပြီး ၂၀၁၃ မှာတော့ Paris St-Germain မှာ ကစားခဲ့ပြီး ဘောလုံး သမား ဘဝကို အဆုံးသတ်ခဲ့ပါတယ်။

အခုတော့ ဆြာ ဘက်ခမ်းဟာ ယူနိုက်တက်နဲ့ အင်္ဂလန် အသင်းဖော်ဟောင်း ဂယ်ရီ နဗီးလ် နဲ့ အတူ အမေရိကန်က မေဂျာလိဂ် အသင်း Inter Miami အသင်းကို ပူးတွဲ ပိုင်ထားပြီး League Two အသင်း Salford City ကိုလည်း တစိတ်တပိုင်း ပိုင်ထားပါတယ်။

အရှေ့လန်ဒန်မှာ မွေးဖွားသူ ဘက်ခမ်းဟာ ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ် ပွဲတော် ကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့် ရရှိရေး အတွက် ကူညီ ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် ကတည်းက လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့ အစည်း ယူနီဆက် (Unicef) နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ မှာ ဆယ်စုနှစ်ကြာ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ် အဖြစ် ရန်ပုံငွေ တခုကို တည်ထောင်ခဲ့ပါတယ်။

၂၀၀၃ မှာ ဘုရင်မကြီး အဲလိစ်ဇဘက် ရဲ့ OBE ဘွဲ့ ချီးမြှင့်ခံခဲ့ရသူ ဘက်ခမ်း ဟာ ၂၀၂၂ ခုနှစ် ဘုရင်မကြီး နတ်ရွာစံခဲ့ပြီးနောက် ဘုရင်မကြီးရဲ့ ရုပ်ကလာပ်ကို ဂါဝရ ပြုနိုင်ဖို့ ၁၂ နာရီကျော် တန်းစီ စောင့်ဆိုင်းကာ နတ်ရွာစံ ဘုရင်မကြီး ကို သွားရောက် ဂါဝရပြုခဲ့ပါတယ်။

ဘုရင် ချားလ်စ်ရဲ့ ပညာရေး အစီအစဉ်နဲ့ လူငယ်တွေ သဘာဝတရားကို ပိုမို နားလည်စေဖို့ ကြိုးပမ်းမှု အဖြစ် တည်ထောင်ထားတဲ့ ဘုရင့် ဖောင်ဒေးရှင်း (The King’s Foundation) အတွက် ၂၀၂၄ မှာ ဘက်ခမ်းဟာ သံတမန် ဖြစ်လာခဲ့ပါတယ်။

အခုလို သူကောင်းဘွဲ့ ရရှိတဲ့ အပေါ် ဆြာ ဒေးဗစ်ဘက်ခမ်း က “ဒီထက်ပိုပြီး ဂုဏ်ယူစရာ မရှိတော့ပါဘူး” လို့ပြောပြီး “ကျွန်တော်က နိုင်ငံချစ်စိတ် ဘယ်လောက် ရှိတယ်ဆိုတာ လူတွေသိပါတယ်။ ကျွန်တော့်နိုင်ငံကို ချစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။

“ကျွန်တော့်မိသားစု အတွက် ဘုရင်စနစ်က ဘယ်လောက် အရေးကြီး တယ် ဆိုတာကို ကျွန်တော် အမြဲပြောခဲ့တယ်။ ကမ္ဘာပတ်ဖို့ အခွင့်အရေး ရခဲ့တဲ့ အခါတိုင်း လူတွေက ကျွန်တော့်ကို ကျွန်တော်တို့ရဲ့ ဘုရင်စနစ် အကြောင်းပဲ ပြောချင်ကြတယ်။ အဲဒါက ကျွန်တော့်ကို ဂုဏ်ယူစေ ပါတယ်” လို့ ဆြာ ဒေးဗစ်ဘက်ခမ်း က ပြောပါတယ်။

သူကောင်းဘွဲ့ ချီးမြှင့်တဲ့ အခမ်းအနားကို ဝင်ဆာရဲတိုက် (Windsor Castle) မှာ ကျင်းပခဲ့ရား ဒေးဗစ် ဘက်ခမ်း ဟာ သူရဲ့ ဇနီး ဗစ်တိုးရီးယား နဲ့ မိဘတွေ ဖြစ်ကြတဲ့ Sandra နဲ့ David တို့နဲ့ အတူ တက်ရောက်ခဲ့ ပါတယ်။

ဖက်ရှင်လုပ်ငန်း စွမ်းဆောင်မှုတွေကြောင့် ၂၀၁၇ ခုနှစ်မှာ OBE (Officer of the Order of the British Empire) ဘွဲ့ ရရှိခဲ့သူ ဗစ်တိုးရီးယား က သူ့ ခွင်ပွန်း ဆြာဘွဲ့ယူဖို့ အတွက် နန်းတွင်း ဝတ်ဆင်ဖို့ ဝတ်စုံကို ကိုယ်တိုင် ဒီဇိုင်းဆွဲ ချုပ်လုပ်ပေးခဲ့ပါတယ်။

ဘက်ခမ်းက (ဘုရင် ချားလ်စ်ဘုရင်) ဟာ ကျွန်တော့် ဝတ်စုံကို တော်တော်လေး သဘောကျခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *