Uncategorized

အာဆီယံ အနေနဲ့ စစ်အုပ်စု ရွေးကောက်ပွဲကို ပယ်ချဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဥ်းသားများ ပြန်လွှတ်ပေးရေး တောင်းဆိုပေးဖို့ NUG နဲ့ KNU အပါအဝင် အဖွဲ့ ၂၀ က SEM အစည်းအဝေးမှာ အာဆီယံကို တောင်းဆို

အောက်တိုဘာ ၁၁ – ၂၀၂၅ 

အာဆီယံ အနေနဲ့ စစ်အုပ်စု ရွေးကောက်ပွဲကို ပယ်ချ ငြင်းဆန်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဥ်းသားများ ပြန်လွှတ်ပေးရေး တောင်းဆိုပေးဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နဲ့ KNU အပါအဝင် အဖွဲ့ ၂၀ က SEM အစည်းအဝေးမှာ အာဆီယံကို တောင်းဆိုခဲ့ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

NUG NUCC CRPH KNU ABADF အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူများ အဖွဲ့ ၂၀ ကနေ အာဆီယံ အလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်ဆရီ အော့စ်မန် ဟာရှင် (Tan Sri Othman Hashim) နဲ့ အခုရက်ပိုင်း တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တောင်းဆိုချက်ထဲက နောက်ထပ် ၃ ချက်ကတော့

စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်နေမှုကို ရပ်တန့်စေပြီး အရပ်သားတွေ အပေါ် အကြမ်းဖက်မှု ကနေ ကာကွယ်ပေးရေး ချက်ခြင်း အရေးယူဆောင်ရွက်ဖို့၊

စစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အပေါ် နှုတ်ဆိတ်နေမှု အဆုံးသတ်ဖို့၊

အာဆီယံ ဘုံ ၅ ချက်ကို စစ်တပ်က အာခံနေပြီး ဆောင်ရွက်မှု မရှိတဲ့ အပေါ်  စစ်တပ်ကို တာဝန်ခံစေဖို့ အချက်တွေ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ ၂၀၂၅ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီးနောက်  အာဆီယံဥက္ကဋ္ဌ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဦးဆောင်ပြီး  မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံရေး အစည်းအဝေး ဆိုတဲ့ (Stakeholder Engagement Meeting on Myanmar – SEM) တွေကို  ဆက်တိုက် ကျင်းပခဲ့တာ ဖြစ်ပြီး ဒီ SEM အစည်းအဝေးတွေကို NUG NUCC CRPH နဲ့  KNU အပါအဝင် EROတွေ၊ အတိုင်ပင်ခံကောင်စီတွေ၊ ဖက်ဒရယ် ယူနစ်တွေနဲ့ တခြား ကိုယ်စားလှယ် အဖွဲ့အစည်းတွေ တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ထုတ်ပြန်ချက်မှာ သက်ဆိုင်သူ အဖွဲ့ ၂၀ အနေနဲ့

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပယ်ချခြင်း၊
တော်လှန်ရေး အင်အားစုများအကြား စည်းလုံး ညီညွတ်ရေး၊
အာဆီယံ အနေနဲ့ ပြတ်သားစွာ ဆောင်ရွက်ဖို့ တောင်းဆိုခြင်း၊
လူသားချင်း စာနာထောက်ထားမှု မဖြစ်မနေ လိုအပ်ခြင်း
ဘက်ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ နဲ့
ဒေသတွင်း တည်ငြိမ်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

နိဂုံးချုပ်မှာ  မလေးရှားရဲ့ ဦးဆောင်မှုကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာပြည်သူတွေ ဘက်က ခိုင်မာစွာ ရပ်တည်ဖို့ အာဆီယံကို ထပ်မံ တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ၂၀
————————-
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများ ပူးပေါင်းညှိနှိုင်းရေးကော်မတီ – မန္တလေး
ချင်းအမျိုးသားတပ်ဦး (CNF)
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)
(Critical Movement)
စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း (Federation of Sagaing Forum)
Kachin Political Interim Coordination Team (KPICT)
ကရင်အမျိုးသားအစည်းအရုံး (KNU)
ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) / ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)
မကွေးတိုင်းဒေသကြီး တော်လှန်ရေး အဖွဲ့များ ကွန်ရက်
မန္တလေးတိုင်းဒေသကြီး လွှတ်တော်
မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)
မြန်မာပြည် မွတ်ဆလင် လူမျိုးစုံ အတိုင်ပင်ခံ ကော်မတီ (MMMCC)
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် ဆန့်ကျင်ရေး)  (NMSP-AD)
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)
ရိုဟင်ဂျာ အတိုင်ပင်ခံ ကောင်စီ – ကြားဖြတ် (RCC)
ရန်ကုန်လွှတ်တော်

Leave a Reply

Your email address will not be published. Required fields are marked *