နိုင်ငံတကာ

အီလွန်မတ်စ် ရဲ့ SpaceX က မြန်မာနိုင်ငံ ကျားဖျန့်တွေက Starlink ဝန်ဆောင်မှုတွေ ဖြတ်တောက် လိုက်ပြီဟု ပြောကြား

အောက်တိုဘာ ၂၂ – ၂၀၂၅

မြန်မာနိုင်ငံ ကျားဖျန့်လုပ်ငန်းတွေမှာ သုံးနေတဲ့ ဂြိုဟ်တု အင်တာနက် ဆက်သွယ်ရေး စတာလင့်ခ် Starlink ၂၅၀၀ ကျော်ကို အီလွန်မတ်စ် ရဲ့ SpaceX ကုမ္ပဏီက အဆက်အသွယ် ဖြတ်တောက်လိုက်ပြီ လို့ ပြောကြား လိုက်ပါတယ်။

ထိုင်း – မြန်မာ နယ်စပ် တလျှောက်မှာ ကျားဖျန့် စခန်းပေါင်း ၃၀ ကျော် လည်ပတ် နေတယ်လို့ ယူဆရပြီး အဲဒီနေရာ ကနေ ကမ္ဘာတဝန်းက လူတွေကို လိမ်လည်ခေါ်ယူကာ ကျားဖျန့်လုပ်ငန်းတွေမှာ အတင်းအဓမ္မ ခိုင်းစေ ပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ ချီ ဝင်ငွေရရှိနေကြတာ ဖြစ်ပါ တယ်။

စတားလင့် လုပ်ငန်း အကြီးအကဲ Lauren Dreyer က အခုလို လုပ်ဆောင် ရတာဟာ ချိုးဖေါက်မှုတွေကို တွေ့ရလို့ ဖြစ်ပြီး ဒါဟာ ဖြစ်တောင့် ဖြစ်ခဲ လုပ်ဆောင်မှုလို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ… သံသယရှိတဲ့ ‘လိမ်လည်မှုစင်တာတွေ’ အနီးတဝိုက်ရှိ Starlink ၂၅၀၀ ကျော်ကို SpaceX က ဖော်ထုတ်ပြီး ပိတ်ပစ်ခဲ့တယ်” လို့ သူမ က X မှာ ရေးသားဖေါ်ပြထားပါတယ်။

“ကျွန်မတို့ဟာ ကမ္ဘာတဝန်း ကောင်းကောင်းမွန်မွန်နဲ့ ရေရှည် ယုံကြည်မှု အတွက် ဝန်ဆောင်မှု ဆက်ပေးရေး သေချာစေဖို့ ကတိကဝတ် ပြုပါ တယ်… ဆက်သွယ်မှု မရသူတွေကို ဆက်သွယ်ပေးခြင်း နဲ့ လူဆိုးတွေ တလွဲ သုံးနေမှုတွေကိုလည်း ကာကွယ်တာဆီး ဖျက်သိမ်းတာတွေ ဆောင်ရွက်တယ်…’’ လို့ ပြောပါတယ်။

တနင်္လာနေ့က မြန်မာစစ်တပ် ကနေ ကရင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ် ထားတဲ့ KK Park ကို ဝင်ရောက် စီနင်းပြီးနောက် အခုလို စတားလင့်ခ် ဖြတ်တောက်မှုတွေ ဖြစ်လာတာပါ။

မြန်မာစစ်တပ်က KK Park ကို “ရှင်းလင်းလိုက်ပြီ” လို့ ပြောကြားခဲ့ပြီး၊ အလုပ် သမား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ကာ Starlink ၃၀ ကို သိမ်းဆည်း ခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံတွေအရ အဆောက်အဦး ခေါင်မိုးတွေပေါ်မှာ စတားလင့်ခ် ရဲ့ satellite dishes တွေ တွေ့ရပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ KK Park ကနေ ထိုင်းဘက်ကို ခြေလျင် ထွက်ခွာနေကြပါတယ်။

ဒါပေမယ့်လည်း တခြား လိမ်လည်မှု စခန်း အနည်းဆုံး ၃၀ ဟာ နယ်စပ် တလျှောက် ဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး၊ ကမ္ဘာတဝန်းက လူ ထောင်နဲ့ချီ အလုပ်ခန့်ထားဆဲ ဖြစ်ပါတယ်။

ဒီ ကျားဖျန့် စင်တာတွေဟာ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခ ကြီးထွား နေချိန်မှာ စစ်ပွဲကာလ စီးပွားရေး အတွက် အဓိက အစိတ်အပိုင်းတခု ဖြစ်လာခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *