ပြည်တွင်း

ဆူးလေ မြို့တော်ခန်းမ အနီးမှာ ဗုံးပေါက်ကွဲ

ဆူးလေ မြို့တော်ခန်းမ အနီးမှာ ဗုံးပေါက်ကွဲ
စက်တင်ဘာ ၁၆ – ၂၀၂၅
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်က အထင်ကရနေရာတခုဖြစ်တဲ့ မြို့တော်ခန်းမအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်က ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ မြို့တော်ခန်းမရှေ့က လုံခြုံရေးအတွက် ကာရံထားတဲ့ ဘယ်ရီဂိတ်တခုကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မတွေ့ရှိရဘူးလို့ သိရပါတယ်။
“မြို့တော်ခန်းမ အပြင်ဘက်မှာ ကာရံထားတဲ့ ဘယ်ရီဂိတ်အောက်ကနေ ပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ ဗုံးပေါက်တဲ့အချိန်က မနက်ပိုင်း လူသွားလူလာနည်းတဲ့ အချိန်မို့ လူထိခိုက်တာတော့ မတွေ့ခဲ့ရဘူး။ ပေါက်ကွဲမှုလည်း ဖြစ်ပြီးရော မြို့တော်ခန်းမကနေ စစ်သားတွေ အပြင်ထွက်လာတယ်။ နောက်ထပ် တပ်ရော၊ ရဲတွေရော ရောက်လာတာ တော်တော်များတယ်။ ဓာတ်ပုံတွေ ရိုက်တာတွေ့တယ်။ ထုံးစံအတိုင်း ကားတွေ၊ လူတွေကို စစ်တယ်” လို့ ဆူးလေ၊ ကုန်သည်လမ်းမှာ နေထိုင်သူတယောက်က ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်စဉ်အပြီး အဆိုပါ နေရာကို အသွားအလာ ကန့်သတ်ထားသလို လုံခြုံရေး တင်းကျပ်ထားပြီး ခန်းမပြင်ပမှာလည်း ကင်းပတ်နေတာမျိုးတွေ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
“အသံဗုံးကွဲတာပါ။ မြို့တော်ခန်းမကိုလည်း မထိပါဘူး။ နေရာ ဝေးပါတယ်။ အများပြည်သူ သွားလာနေတဲ့ လမ်းမပေါ်မှာ ဖြစ်တာပါ။ ပစ္စည်း ပျက်စီးဆုံးရှုံးတာတွေလည်း မရှိပါဘူး။ ရှင်းလင်းရေးတွေလည်း လုပ်ထားပြီးပါပြီ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
အဆိုပါ ဖောက်ခွဲမှုကို Freeland Attack Force (FLA) မှ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပြီး ဗုံးအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ကာ ပေါက်ကွဲမှုအပြီး စစ်တပ် ကနေ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo – CJ
crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *