စက်တင်ဘာ ၂၉ – ၂၀၂၅
အမေရိကန်ပြည်ထောင်စု မစ်ချီဂန် ပြည်နယ် မော်မွန် ခရစ်ယာန် ဘုရားကျောင်း ထဲကို သေနတ်သမားတဦးက ကားတစီးနဲ့ မောင်းဝင် လာပြီး သေနတ်နဲ့ ပစ်ခတ်ကာ အဆောက်အအုံကို မီးရှို့ခဲ့တဲ့ အတွက် အနည်းဆုံး လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဒက်ထရွိုက်မြို့ အနောက်မြောက်ဘက် မိုင် ၆၀ အကွာရှိ Grand Blanc မြို့ ယေရှုခရစ်တော် ဘုရားကျောင်း (Church of Jesus Christ of Latter-day Saints) မှာ လူရာပေါင်းများစွာ တက်ရောက် တဲ့ တနင်္ဂနွေ ဝတ်ပြုမှု အချိန် အတွင်း အချိန်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
သေနတ်သမားဟာ ဒေသစံတော်ချိန် မနက် ၁၀:၂၅ နာရီ လောက် လူ “ရာပေါင်းများစွာ” ဝတ်ပြုဖို့ ရောက်ရှိနေချိန် ယာဉ်တစ်စီးကို အဆောက်အအုံ ထဲ မောင်းဝင်လာပြီး ရိုင်ဖယ် သေနတ်နဲ့ ဘုရားကျောင်း အတွင်းရှိ လူတွေကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်ပစ်ခတ်ခဲ့တဲ့ မသင်္ကာသူ ဟာ မစ်ချီဂန် Burton က အသက် ၄၀ အရွယ် Thomas Jacob Sanford အဖြစ် သိရှိရပြီး၊ သူ့ကို ဘုရားကျောင်း ကားပါကင်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။
ဒါဟာ “ပစ်မှတ်ထား တိုက်ခိုက်မှု” တရပ်အဖြစ် အာဏာပိုင်တွေက စုံစမ်းစစ်ဆေး နေပေမယ့် ရည်ရွယ်ချက်ကိုမူ ရှင်းရှင်းလင်းလင်း မသိရ သေးကြောင်း ပြောပါတယ်။
မီးလောင်မှုကြောင့် အဆောက်အအုံကို ကျယ်ကျယ်ပြန့်ပြန့် ပျက်စီး စေခဲ့ပြီး လူအချို့ ပျောက်ဆုံးနေသေးကြောင်း ရဲက ပြောကြားခဲ့ပေမယ့် အရေအတွက် အတိအကျကို မသိရသေးပါ။
ရဲ့ကတော့ ‘’မီးက ဘယ်နေရာ၊ ဘယ်အချိန်က စလောင်တာလဲ၊ ဘယ်လို စတင်ခဲ့တာလဲ ဆိုတာကို ကျွန်တော်တို့ တိတိကျကျ ဆုံးဖြတ်နိုင်ဖို့ ကြိုးစား နေဆဲပါ။ ဒါပေမဲ့ မသင်္ကာသူက ရည်ရွယ်ချက် ရှိရှိ မီးရှို့ခဲ့တာလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ် ထရမ့် က စုံစမ်းစစ်ဆေးမှုကို FBI က ဦးဆောင်မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားပါတယ်။
Truth Social စာမျက်နှာမှာတော့ ထရမ့်က ဒီဖြစ်ရပ်ကို “အမေရိကန် ပြည်ထောင်စုရှိ ခရစ်ယာန်များအပေါ် ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်မှု” တခုအဖြစ် ဖော်ပြခဲ့ပါတယ်။