War နိုင်ငံရေး ပြည်တွင်း

ကျောက်မဲမှာ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေပြီး စစ်တပ်က မြို့ထဲဝင်ဖို့ပြင်

စက်တင်ဘာ ၃၀ – ၂၀၂၅

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ရာ ကျောက်မဲမှာ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးတွေ မီးလောင် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မီးလောင်တာ လောလောဆယ် သိရတာက သစ်တောရုံး၊ ရဲစခန်း၊ ကြံ့ခိုင်ရေး ကားဝင်းကြီး၊ ရန်ကင်းထိပ်က စ သုံးလုံးရုံး၊ ဆောက်လုပ်ရေးဘက်က ရုံးတွေ။ ဗုံးကြဲတာမဟုတ်ဘူး။ ရှို့တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

စစ်တပ်က မြို့ထဲ ဝင်ရောက်တော့မှာဖြစ်ပြီး မြို့နဲ့ အတော်နီးကပ်နေကာ တမိုင်လောက်ပဲ လိုတော့ တယ်လို့ သူက ပြောပါတယ်။

လက်ရှိ ညနေ ၄ နာရီကျော်ခန့်ကစလို့ ပစ်ခတ်သံတွေရော၊ Y-12 သံတွေရော၊ လက်နက်သေး သံတွေ ရော၊ ပေါက်ကွဲတဲ့ အသံတွေရော အကုန်ကြားရကာ တိုက်ပွဲက စနေပြီ လို့ သူက ပြောပါတယ်။
“နှစ်ဘက်ထိတွေ့ ပစ်ခတ်မှုက ပြည်ထောင်စု လမ်းမပေါ်ရှိ မြို့ပြင် ခိုမုန်း၊ ခိုအုံ အနီးမှာ ဖြစ်ပွားနေပြီ။ စစ်တပ်က နေ့လည်ပိုင်းက ခိုအုံကို ရောက်ရှိနေပြီလို့ ကြားတယ်” လို့ ‌နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ကျောက်မဲမြို့တွင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်ဆောက်လုပ်ရေးရုံး တွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေ မီးလောင်နေတာလို့ သူက ပြောပါတယ်။

မနေ့ စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းမှာတော့ TNLA တာဝန်ခံ ရုံးတွေက ဆိုင်းဘုတ်တချို့မှာ ရေးထားတဲ့ တအာင်းစာ‌ တွေကို ဖျက်သွားတယ်လို့လည်း ကြားသိရကြောင်း သူက ပြောပါတယ်။
ကျောက်မဲမြို့ကို ဝင်သိမ်းတော့မှာ ဖြစ်ကြောင်း စစ်တပ် ရှေ့တန်းနဲ့ နီးစပ်သူ တွေရဲ့ ဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။

ကျောက်မဲမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ ကစလို့ တန်ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
Photo, Video Crd# ဒေသခံ
Crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *