အောက်တိုဘာ ၂ – ၂၀၂၅
အမေရိကန် ဖက်ဒရယ် ဘဏ္ဍာငွေ ဥပဒေကို ကွန်ဂရက်အမတ်တွေက နောက်ဆုံး အချိန်မီ သဘောတူညီချက် ရဖို့ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အမေရိကန် အစိုးရ ဟာ ၇ နှစ်နီးပါး အတွင်း ပထမဆုံးအကြိမ် အဖြစ် လုပ်ငန်းတွေ ရပ်ဆိုင်း သွားခဲ့ ပါပြီ။
အခုအခါ ဖက်ဒရယ်ဝန်ထမ်း ၇ သိန်းခွဲ့ အလုပ်ကနေ ခေတ္တ အနားပေး လိုက်ရပါတယ်။ ဒီကနေ အလုပ်ထုတ်ခံရတွေ ဖြစ်နိုင်ပြီး၊ အမျိုးသား ဥယျာဉ်တွေနဲ့ ပြတိုက်တွေ လည်း ပိတ်သွားနိုင်ပါတယ်။
အရင် အစိုးရ ရပ်ဆိုင်းမှုတွေ တုန်းကတော့ ဝန်ထမ်းရှားပါးမှုကြောင့် လေကြောင်း ခရီးသွားလာရေး အနှောင့်အယှက်တွေ ဖြစ်ပေါ်စေခဲ့ဖူး ပါတယ်။ ဒီမိုကရက် နဲ့ ရီပတ်ဘလီကန် နှစ်ဘက်စလုံးက အစိုးရရပ်ဆိုင်းမှု အတွက် တစ်ဘက်ကို တစ်ဘက် အပြစ်ပုံချနေတာကြောင့် ရှေ့ဆက်ဖို့ လမ်းကြောင်း မှာ မရှင်းလင်းပါ။
အပြင်းအထန် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အစိုးရကို ငွေကြေး ဆက်လက် ထောက်ပံ့ဖို့ ဆီးနိတ်လွှတ်တော်ရဲ့ ကြိုးပမ်းမှုတွေဟာ အင်္ဂါနေ့ နှောင်းပိုင်းမှာ မအောင်မြင်ခဲ့ပါ။ သမ္မတ ဒေါ်နယ်ထရမ့်က ဝန်ထမ်းအများအပြား အလုပ်ထုတ်တာတွေနဲ့ (ဒီမိုကရက်တွေရဲ့ အရေးကြီးတဲ့) တချို့ ဖက်ဒရယ် အကျိုးခံစားခွင့်တွေကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အစိုးရအတွက် ငွေကြေးပေးရမယ့် ဥပဒေကြမ်း အတည်ဖြစ်ဖို့ ဆီးနိတ်လွှတ်တော်မှာ ထောက်ခံမဲ ၆၀ လိုအပ်နေပါတယ်။
ဆိုလိုတာက ရီပတ်ဘလစ်ကန်တွေက ကွန်ဂရက်က လွှတ်တော် နှစ်ရပ် စလုံးကို ထိန်းချုပ် ထားနိုင်ပေမယ့် အစိုးရကို ပြန်ဖွင့်နိုင်ဖို့ ဒီမိုကရက် တွေရဲ့ ထောက်ခံမဲလည်း လိုအပ်နေတာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေ ဦးဆောင်တဲ့ ရေတို အသုံးစရိတ် အစီအစဥ်ဟာ လည်း အင်္ဂါနေ့မှာ လုံလောက်တဲ့ ထောက်ခံမှု မရခဲ့ဘဲ၊ ဒီမိုကရက် ဦးဆောင်တဲ့ အဆိုပြုချက်ကိုလည်း မဲပေး ပယ်ချခဲ့တာ ဖြစ်ပါတယ်။
နှစ်ဘက်စလုံးက ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှု အပြင်းအထန် ဖြစ်နေကြကာ၊ ဒီမိုကရက်တွေက ဘယ်လို ရန်ပုံငွေ ဥပဒေကြမ်းမှာ မဆို အခုနှစ် သက်တမ်းကုန်ဆုံးမယ့် ကျန်းမာရေး အာမခံ ထောက်ပံ့မှုတွေကို သက်တမ်း တိုးပေးဖို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန် အများစုက ဒီထောက်ပံ့မှုတွေဟာ ကုန်ကျစရိတ် ကြီးမားတယ်လို့ ပြောဆိုကြပြီး တချို့ကတော့ သက်တမ်းမတိုးမီ ပိုမို တင်းကျပ်တဲ့ စည်းမျဥ်းတွေ ချမှတ်ဖို့ အဆိုပြုခဲ့ကြပါတယ်။
ထရမ့်က သဘောထားကွဲလွဲမှု အတွက် ဒီမိုကရက်တွေကို အပြစ်တင်ခဲ့ပြီး အစိုးရ ရပ်ဆိုင်းမှု ဖြစ်ပွားပါက အစိုးရဝန်ထမ်းများကို အစုလိုက် အပြုံလိုက် အလုပ်ကနေ ထုတ်ပယ်မှာဖြစ်ပြီး ဒီမိုကရက်တွေ အတွက် အရေးကြီးတယ်ဆိုတဲ့ အစိုးရ အစီအစဥ်တွေနဲ့ ဝန်ဆောင်မှုတွေကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
“ကျွန်တော်တို့ လုပ်ချင်တဲ့ နောက်ဆုံး အရာကတော့ အစိုးရကို ရပ်ပစ်ဖို့ပါပဲ၊ ဒါပေမဲ့ ရပ်ဆိုင်းမှုတွေ ကနေ ကောင်းကျိုးများစွာ ထွက်လာ နိုင်ပါတယ်” လို့ ထရမ့်က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ မလိုချင်တဲ့ အရာတွေ အများကြီးကို ဖယ်ရှားနိုင်မှာဖြစ်ပြီး အဲဒါတွေက ဒီမိုကရက်တွေရဲ့ အရာတွေ ဖြစ်လိမ့်မယ်”။
သမ္မတက သဘောတူညီချက် မရရှိဘူးဆိုရင် “ရပ်ဆိုင်းမှု ကာလအတွင်း သူတို့ အတွက် မကောင်းတဲ့၊ ပြန်ပြင်လို့ မရတဲ့ အရာတွေကို ကျွန်တော်တို့ လုပ်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“လူအများကြီးကို အလုပ်ကနေ အနားပေးသွားမှာပါ” လို့လည်း ထရမ့်က ဆိုပါတယ်။
သဘောထားကွဲလွဲမှု ကြာမြင့်လာပြီး လစာ မရတဲ့ ဝန်ထမ်းတွေ အလုပ် မဆင်းဘဲ ရပ်တန့်သွားပါက ခရီးသွားလာမှု နှောင့်နှေး ကြန့်ကြာမှု တွေလည်း ဖြစ်ပေါ်လာနိုင်ပြီး၊ ဒီလို အခြေအနေမျိုးဟာ ထရမ့် ရဲ့ ပထမသက်တမ်း မှာလည်း ဖြစ်ခဲ့ဖူးပါတယ်။.
လေ့လာဆန်းစစ်သူတွေက ၂၀၁၈ ခုနှစ်က ရပ်ဆိုင်းမှုထက် အခု ရပ်ဆိုင်းမှုက ပိုမိုကြီးမား နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း အစိုးရ ရပ်ဆိုင်းမှု သုံးကြိမ် ရှိခဲ့ပြီး၊ အဲဒီ အထဲမှာ ၂၀၁၈ ကနေ စတင်ကာ ၂၀၁၉ ဇန်နဝါရီလမှာ ပြီးဆုံးခဲ့တဲ့ သမိုင်းတွင် အကြာဆုံး (၃၆ ရက်ကြာ) ရပ်ဆိုင်းမှုလည်း ပါဝင်ပါတယ်။
ဒါဟာ အမေရိကန် နိုင်ငံရေးမှာ ထူးခြားမှု ဖြစ်ပြီး ဥပဒေ မဖြစ်လာမီ အစိုးရရဲ့ မတူညီတဲ့ ဌာနခွဲတွေဟာ အသုံးစရိတ် အစီအစဥ်တွေ သဘောတူညီမှု ရယူရတာကြောင့် ဖြစ်ပါတယ်။