နိုင်ငံတကာ သတင်း

သမ္မတ ထရမ့် က ဟားမတ်စ်ကို ပြင်းထန်စွာ သတိပေး၊ နောက်ဆုံး အခွင့်အရေး ကို သဘောမတူရင် တခါမှ မြင်ဘူးတဲ့ ငရဲလို ခံစားရမယ်၊ လာမယ့် တနင်္ဂနွေ ဝါရှင်တန်အချိန် ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူရမယ်

အောက်တိုဘာ ၃ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူချပြထားတဲ့ ဂါဇာငြိမ်းချမ်းရေး အဆိုပြုချက် အချက် ၂၀ ကို ဟားမတ်စ်အနေနဲ့ လာမယ့် တနင်္ဂနွေ ဝါရှင်တန် အချိန် ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူရမယ်လို့ ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။

သဘောမတူခဲ့ဘူးဆိုရင် ဟားမတ်စ်တို့ဟာ တခါမှ မမြင်ဘူးတဲ့ ငရဲလို ကြုံတွေ့ခံစားရမယ်လို့ သူ့ရဲ့ TRUTH SOCIAL ပလက်ဖေါင်း ကနေ ခြိမ်းခြောက် လိုက်တာဖြစ်ပါတယ်။

သမ္မတထရမ့် သတိပေးချက် အပြည့်အစုံ (သာသာပြန်)

ဟားမတ်စ်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာ ကြမ်းကြုတ် အကြမ်းဖက် ခြိမ်းခြောက်တဲ့ အဖွဲ့ တခု ဖြစ်တယ်။
သူတို့ဟာ လူတွေကို သတ်ဖြတ်ခဲ့ကြပြီး (ဘဝတွေကို မခံမရပ်နိုင်အောင် ဆင်းရဲဒုက္ခ ရောက်စေခဲ့တယ်။)

အစ္စရေးနိုင်ငံမှာ (၂၀၂၃) အောက်တိုဘာလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဟာ အထွတ်အထိပ် ရောက်ရှိခဲ့တယ်။
အဲဒီသတ်ဖြတ်ခံရတဲ့ အထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီး ရွယ်အိုတွေ နဲ့ အနာဂတ်ဘဝတွေအတွက် အတူ ပျော်ရွှင်ကြဖို့ အဆင်သင့် ဖြစ်နေကြတဲ့ လူငယ် အမျိုးသား၊ အမျိုးသမီး၊ ယောက်ျားလေး၊ မိန်းကလေး အများအပြား ပါဝင်ခဲ့ကြပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ ဟားမတ်စ် “စစ်သား” ၂၅၀၀၀ ကျော်ကို သတ်ဖြတ် ခဲ့ပြီး ဖြစ်တယ်။

ကျန်နေတဲ့သူ အများစုကိုလည်း ဝိုင်းရံပိတ်ဆို့ ထားပြီး စစ်ရေးအရ ပိတ်မိနေပါတယ်။ ကျွန်တော်ပြောမယ့် “သွား” ဆိုတဲ့ စကားကို စောင့်နေတာဖြစ်တယ်၊ ပြောလိုက်တာနဲ့ သူတို့ရဲ့ အသက်တွေ အမြန် ချုပ်ငြိမ်းသွားမှာ ဖြစ်တယ်။ ကျန်ရှိနေတဲ့ သူတွေ ဘယ်သူတွေ ဖြစ်တယ် ဘယ်မှာ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လိုက်လံရှာဖွေပြီး သတ်ပစ်ပါလိမ့်မယ်။

အပြစ်မဲ့ ပါလက်စတိုင်းအားလုံး အနေနဲ့ အကြီးအကျယ်သေစေနိုင်တဲ့ ဒီနေရာ ကနေ ဂါဇာရဲ့ တခြား ပိုမိုစိတ်ချရတဲ့ နေရာတွေကို ချက်ခြင်း ထွက်ခွာဖို့ ကျွန်တော် ပြောနေပါတယ်။ လူတိုင်းကို အကူအညီပေးဖို့ အတွက် စောင့်ဆိုင်းနေသူတွေက ကောင်းမွန်စွာ စောင့်ရှောက်ပေးပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဟားမတ်စ်အတွက် ကံကောင်းတာကတော့၊ သူတို့ကို နောက်ဆုံးအခွင့်အရေး တကြိမ် ပေးပါလိမ့်မယ်။

အရှေ့အလယ်ပိုင်းက ကြီးမြတ်ပြီး အင်အားကြီးကာ အလွန်ချမ်းသာတဲ့ နိုင်ငံတွေ၊ အဲဒီထက်ကျော်လွန်တဲ့ ပတ်ဝန်းကျင် ဒေသက နိုင်ငံတွေနဲ့ အတူ အမေရိကန် ပြည်ထောင်စု ဟာ အစ္စရေးနဲ့ (နှစ်ပေါင်း ၃၀၀၀ အကြာ) အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ရရှိဖို့ သဘောတူညီ လက်မှတ်ရေးထိုး ခဲ့ကြပြီ။
ဒီသဘောတူညီချက်ဟာ ကျန်ရှိနေတဲ့ ဟားမတ်စ် တိုက်ခိုက်ရေး သမား အားလုံးရဲ့ အသက်တွေကို ချမ်းသားပေးပါလိမ့်မယ်။

အသေးစိတ် အချက်အလက်တွေကို ကမ္ဘာ က သိရှိပြီး ဒါဟာ လူတိုင်း အတွက် ကြီးမြတ်သော အရာတခု ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင်လုပ်မယ်။ အကြမ်းဖက်မှုနဲ့ သွေးထွက်သံယိုမှုတွေ ရပ်တန့်အောင်လုပ်မယ်။ ဓားစာခံတွေ အားလုံးကို၊ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေ အပါအဝင် အခု ချက်ချင်း လွှတ်ပေးပါ။

ဟားမတ်စ် အနေနဲ့ ဝါရှင်တန်ဒီစီ စံတော်ချိန် တနင်္ဂနွေနေ့ ညနေ ၆ နာရီ နောက်ဆုံးထား သဘောတူညီရမယ်။ နိုင်ငံတိုင်းက လက်မှတ် ရေးထိုးပြီး ဖြစ်တယ်။ ဒီ နောက်ဆုံးအခွင့်အရေး သဘောတူညီချက်ကို မရရှိပါက၊ ဘယ်သူမှ မမြင်ဖူးသေးတဲ့ ငရဲ လို အခြေအနေမျိုး ဟားမတ်စ် အပေါ် ဖြစ်ပေါ် လာလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး ရရှိစေရမယ်။
ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သမ္မတ ဒေါ်နယ် ဂျေ. ထရမ့်

Leave a Reply

Your email address will not be published. Required fields are marked *