နိုင်ငံတကာ နိုင်ငံရေး

ဂါဇာစီးတီးမှာ ဟားမတ်စ်နဲ့ လက်နက်ကိုင် မျိုးနွယ်စုဝင်တွေ အကြား တိုက်ပွဲ ဖြစ်ပွား၊ အနည်းဆုံး ၂၇ ဦးသေဆုံး

အောက်တိုဘာ ၁၂ – ၂၀၂၅

ဂါဇာကမ်းမြှောင်ဒေသ ကနေ အစ္စရေး တပ်တွေ ပထမအဆင့် ဆုတ်ခွာသွားပြီး နောက် ဂါဇာစီးတီးမှာ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ Dughmush မျိုးနွယ်စုဝင် လက်နက်ကိုင်တွေ အကြေား တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွား ခဲ့ရာ လူ ၂၇ ဦးထက်မနည်း သေဆုံးသွားပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ ဟားမတ်စ် လက်နက်ကိုင်တွေက မြို့တွင်းရှိ ဂျော်ဒန်ဆေးရုံ အနီးမှာ လက်နက်ကိုင် မျိုးနွယ်စုတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။

ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိတဦး ပြောတာက လုံခြုံရေးယူနစ်တွေ ကနေ လက်နက်ကိုင် မျိုးနွယ်စုတွေကို ဝိုင်းဖမ်းဖို့ ကြိုးပမ်းရာ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဟားမတ်စ် လုံခြုံရေး ယူနစ်တွေ ဘက်က တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေအရ စနေနေ့က စတင်ခဲ့သော တိုက်ပွဲတွေ အတွင်း Dughmush မျိုးနွယ်စုဝင် ၁၉ ဦး နဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမား ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဟားမတ်စ် တပ်ဖွဲ့ဝင် ၃၀၀ ကျော်ဟာ Dughmush လက်နက်ကိုင်တွေ အခိုင်အမာ နေရာ ယူထားတဲ့ လူနေရပ်ကွက် တခုကို ဝင်ရောက်စီးနင်းဖို့ ဆောင်ရွက်ရာမှာ ဂါဇာစီးတီး တောင်ပိုင်း Tel al-Hawa ရပ်ကွက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ မျက်မြင် တွေ့ရှိ သူတွေ က ပြောပါတယ်။

အဲဒီရပ်ကွက်မှာ နေထိုင်သူတဦးက “ဒီတခါတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတာ မဟုတ်ဘူး၊ သူတို့ရဲ့ လူတွေကြောင့် ထွက်ပြေးကြရတာ” လို့ ပြောပါ တယ်။

ဂါဇာက ထင်ရှားတဲ့ မျိုးနွယ်စုကြီးတွေထဲက တခုဖြစ်တဲ့ Dughmush မျိုးနွယ်စု တွေဟာ ကာလကြာရှည် ဟားမတ်စ်တို့နဲ့ တင်းမာတဲ့ ဆက်ဆံရေးရှိခဲ့တာ ဖြစ်ပြီး မျိုးနွယ်စုတွေရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ အရင်ကလည်း ဟားမတ်စ် တို့နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပါတယ်။

ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီး ဌာနက ကတော့ သူတို့ တပ်ဖွဲ့တွေက အခြေအနေကို ပြန်လည် ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပြီး “ခုခံ တော်လှန်ရေး မူဘောင်ပြင်ပက ဘယ်လို လက်နက်ကိုင် လှုပ်ရှားမှုကို မဆို ပြတ်ပြတ် သားသား ကိုင်တွယ်ဖြေရှင်းသွားမယ်” လို့ သတိပေးခဲ့ ပါတယ်။

တိုက်ပွဲတွေ စတင်ဖြစ်ပွားရတာနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။

ဟားမတ်စ်ဘက်က ပြောတာက Dughmush လက်နက်ကိုင်တွေဟာ ဟားမတ်စ် တိုက်ခိုက်ရေး သမား ၂ ဦးကို သတ်ဖြတ်ပြီး ၅ ဦးကို ဒဏ်ရာရစေခဲ့လို့ စစ်ဆင်ရေး စတင်ဖို့ တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း Dughmush မျိုးနွယ်စု သတင်းရင်းမြစ် ကတော့ မကြာသေးခင်က အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးသွားလို့ မိသားစုတွေ ခိုလှုံနေတဲ့ အရင် ဂျော်ဒန်ဆေးရုံနေရာကို ဟားမတ်စ် တပ်ဖွဲ့ဝင်တွေက ရောက်လာ ခဲ့တာ လို့ ပြောပါတယ်။

ref: bbc

Leave a Reply

Your email address will not be published. Required fields are marked *