နိုင်ငံတကာ နိုင်ငံရေး

ဂါဇာငြိမ်းချမ်းရေး နောက်အဆင့်တွေ အတွက် မရေရာမှုတွေ ကြီးမား

GAZA CITY, GAZA – OCTOBER 11: Thousands of Palestinians continue to return to Sheikh Ridwan neighborhood, from which Israeli forces have withdrawn, on the second day of the ceasefire in the Khan Yunis, Gaza on October 11, 2025. Palestinians met with scenes of widespread destruction and devastation after their return. (Photo by Khames Alrefi/Anadolu via Getty Images

အောက်တိုဘာ ၁၄ – ၂၀၂၅

အစ္စရေး နဲ့ ဟားမတ်စ အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစိတ်တပိုင်း အနေနဲ့ အသက်ရှင်ကျန် အစ္စရေး ဓားစာခံ ၂၀ နဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ နီးပါး အပြန်အလှန် လဲလယ် ခဲ့ပြီး နောက် ဂါဇာ ငြိမ်းချမ်းရေး နောက်အဆင့်တွေ အတွက် မရေရာမှုတွေ ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ပါတယ်။

ဟားမတ်စ်က ဓားစာခံ ၄ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ပြန်လွှဲပေးခဲ့ ပေမယ့် ကျန်ရှိနေသေးတဲ့ ဓားစာခံ ၂၄ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်မပေး တဲ့အတွက် မိသားစုတွေက ဒေါသတကြီး ဝေဖန်နေကြပါတယ်။

ဂါဇာစီးတီး အရှေ့ပိုင်းနဲ့ Khan Younis အရှေ့ဘက်မှာတော့ အစ္စရေးတို့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အရပ်ဘက် ကာကွယ်ရေးတပ်က ပြောပါတယ်။

အစ္စရေး စစ်တပ်ကတော့ သူတို့ တပ်ဖွဲ့တွေဟာ အပစ်အခတ်ရပ်စဲရေး အစီအစဉ် အရ ဆုတ်ခွာထားတဲ့ နယ်နိမိတ်မျဉ်းကို ကျော်လာတဲ့ သူတွေကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အီဂျစ်နိုင်ငံ Sharm el-Sheikh မှာ အောက်တိုဘာ ၁၃ ရက်နေ့က သမ္မတ ထရမ့် ဟာ ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်နဲ့ ငြိမ်းချမ်းရေး ထိပ်သီး အစည်းအဝေး ကို ဦးဆာင်ခဲ့ပြီး၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် ဒါဟာ အနှစ်သာရထက် ပြယုဂ် သဘောသာ ဖြစ်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို အစ္စရေးနဲ့ ဟားမတ်စ်တို့ ဘက်က ကိုယ်စားလှယ် တဦးတယောက်မှ တက်ရောက်တာ မရှိတဲ့ အတွက် အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ မဆိုလိုနိုင်ပါ။

ငြိမ်းချမ်းရေး အစီအစဥ် အချက် ၂၀ နဲ့ ဂါဇာ ငြိမ်းချမ်းရေး ဆောင်ရွက် နေတဲ့ သမ္မတ ဒေါ်နယ်ထရမ့် က စစ်ပွဲ အဆုံးသတ်ရေး ဒီအစီအစဉ်တွေ နဲ့ ပတ်သက်ပြီး နောက်ထပ် ညှိနှိုင်းမှု အဆင့်တွေ စတင်နေပြီလို့ ပြောကြားခဲ့ ပါတယ်။

ဒါပေမယ့်လည်း ဘယ်အချိန်မှာ ဘယ်လို ဆောင်ရွက်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိသေးပါ။

အဓိက အတားအဆီးတွေ ဆက်လက်ရှိတည်ရှိနေပြီး၊ ဒါတွေကတော့ ဟားမတ်စ်ရဲ့ အနာဂတ်၊ အစ္စရေး စစ်တပ် ရုပ်သိမ်းမယ့် အတိုင်းအတာနဲ့ ဂါဇာကို ဘယ်သူအုပ်ချုပ်မလဲ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

အထူးသတိပြုစရာကတော့ ဒေသတွင်း စစ်ပွဲတွေ ဖြစ်ရခြင်း အဓိက အကြောင်း ဖြစ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အကြောင်းကို ထည့်သွင်း ပြောကြားခြင်း မရှိတာပါ။

ဒီပြဿနာကို မဖြေရှင်းနိုင်ပါက ဒေသတွင်းပြည့်စုံတဲ့ သဘောတူညီချက် တရပ် ရရှိနိုင်မှာ မဟုတ်ပါ။

ဒီအကြောင်းရင်းကို ထရမ့်က ထရမ့်က တမင်ရှောင်ရှားနေပါတယ်။

“ကျွန်တော်က တနိုင်ငံအဖြေ၊ နှစ်နိုင်ငံအဖြေကို ပြောနေတာမဟုတ်ဘူး။ ဂါဇာကို ပြန်လည် တည်ဆောက်ဖို့ ပြောနေတာပါ” လို့ မနေ့က အီဂျစ်ကို အသွား လေယာဥ်ပေါ်မှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *