အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီး ကို အိမ်ဖြူတော်မှာ ထပ်မံ တွေ့ဆုံဆွေးနွေးရာ တာဝေးပစ် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်တွေကို ယူကရိန်းကို ကူညီနိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သတိထား ပြောဆိုသွားခဲ့ပါတယ်။
ထရမ့်က ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည် ပေးမယ်ဆိုရင် “ပိုမိုကြီးမားတဲ့ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်” “မကောင်းတဲ့ အရာတွေ အများကြီး ဖြစ်လာနိုင်တယ်” လို့ ပြောကြား သွားပါတယ်။
အရင်ကတော့ ယူကရိန်းကို တိုမာဟော့ခ် ဒုံးတွေ ပေးဖို့ ဆန္ဒ ရှိကြောင်း အချက် ပြခဲ့ပေမယ့် မနေ့က ဗလာဒီမာ ပူတင်နဲ့ ဖုန်းစကားပြောပြီးနောက် “ကျွန်တော်တို့လည်း သူတို့ကို လိုအပ်တယ်… ဒါကြောင့် ဘာလုပ် နိုင်မလဲ ဆိုတာ မသိဘူး” ပြောခဲ့ပါတယ်။
ထရမ့် နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှု အတွင်း ဟန်ဂေရီမှာ တွေ့ဆုံဖို့ သဘောတူခဲ့ ကြပြီး ခေါင်းဆောင်နှစ်ဦးရဲ့ အကြံပေး ပုဂ္ဂိုလ်တွေ အကြား ဆွေးနွေးပွဲတွေကို နောက်အပတ် အစောပိုင်းမှာ စတင်ဖို့ စီစဉ်ထား ပါတယ်။
ထရမ့် အဆုံးသတ် လိုနေတဲ့ စစ်ပွဲ အတွက် ဇလန်စကီး ကတော့ ရုရှားကို တန်ပြန် တိုက်ခိုက်ဖို့ တိုမာဟော့ခ် ဒုံးကျည်တွေ ထရမ့်ဆီက တောင်းခံ နေတာ ဖြစ်ပါတယ်။
သမ္မတ ထရန့်ပ်ကတော့ ယူကရိန်းစစ်ပွဲကို မကြာမီ အဆုံးသတ်နိုင်မယ်လို့ အကောင်းမြင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး၊ ငြိမ်းချမ်းရေး သဘောတူညီချက် ရပါက တာဝေးပစ် ဒုံးကျည်တွေ တောင်းဆိုဖို့ မလိုတော့ ကြောင်း ဇလန်စကြီးကို ပြောခဲ့ပါတယ်။
ထရမ့် က ဇလန်စကီးနဲ့ ပူတင် အကြား နက်ရှိုင်းတဲ့ ရန်ငြိုးကို အသိအမှတ် ပြုခဲ့ပေမယ့် ပြီးခဲ့တဲ့ သတင်းပတ်က ဂါဇာ အပစ်ရပ်ရေး အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နောက် ၄ နှစ်ရှိပြီဖြစ်တဲ့ ယူကရိန်း စစ်ပွဲကို လည်း ဖြေရှင်း နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားတက်သရော ဆက်လက် လုပ်ဆောင် နေတာ ဖြစ်ပါတယ်။
ဇလန်စကီးကလည်း ထရမ့်နဲ့ တွေ့ဆုံရာမှာ ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတွက် ထရမ့်ကို ဂုဏ်ပြုချီးကျူး ခဲ့ပြီး ထရမ့်ရဲ့ အကူအညီနဲ့ ဒီစစ်ပွဲကို အဆုံးသတ် နိုင်မယ်လို့ ထင်မြင်ကြောင်း ပြောကြား ခဲ့ပါတယ်။
သောကြာနေ့က တွေ့ဆုံမှုဟာ အခုနှစ် ဖေဖေါ်ဝါရီက ငြင်းခုန်မှုတွေနဲ့ ပထမဆုံး တွေ့ဆုံတာထက် များစွာ ပိုမို ဖော်ရွေပုံရ ပေမယ့် ပဋိပက္ခကို ဖြေရှင်းရာမှာ ဘယ်လို သက်ရောက်မှု ရှိမလဲ ဆိုတာ ရှင်းရှင်း လင်းလင်း မရှိပါ။
“ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ ပူတင်က မလိုချင်ဘူး။ ဒါကြောင့် သူ့ကို ဖိအားပေးဖို့ လိုပါတယ်” လို့ ဇလန်စကီးက သီးသန့် နေ့လယ်စာ မစားမီ အစိုးရ အဖွဲ့ အစည်းအဝေး ခန်းမမှာ သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။
“ပူတင်ကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ တွန်းပို့ဖို့ ဘာတွေ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်” လို့ ဇလန်စကီးက ပြောပါတယ်။
ထရမ့် က အခု တွေ့ဆုံမှု မတိုင်ခင် ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည်တွေ ပံ့ပိုးပေးနိုင်ခြေရှိကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ ကြာသပတေးနေ့မှာ ပူတင်နဲ့ စကားပြောပြီးနောက် သောကြာနေ့ မှာ ထရမ့် လေသံကို ပြောင်းသွားပါတယ်။
အမေရိကန် နဲ့ ရုရှား ခေါင်းဆောင်တွေဟာ ဟန်ဂေရီမှာ များမကြာခင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်တွေ ထွက်ပေါ်လာခဲ့ ပါတယ်။
ပူတင်ရဲ့ အကြံပေးတဦးက တိုမာဟော့ခ် ဒုံးကျည်တွေ ယူကရိန်းကို ပေးရင်လည်း စစ်မြေပြင် အခြေအနေကို ပြောင်းလဲခြင်း ရှိမှာ မဟုတ်ဘဲ အမေရိကန်-ရုရှား ဆက်ဆံရေးကိုသာ ထိခိုက်စေမှာ ဖြစ်ကြောင်း ထရမ့်ကို သတိပေးခဲ့တယ်လို့ ပြောပါတယ်။
—————————
THN Public Media
–