နိုင်ငံတကာ နိုင်ငံရေး

ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဆာနာအေ တာကာအီချီ – သံမဏိလေဒီ မာဂရက်သက်ချာကို အားကျသူ – သတိပြုစရာများ နဲ့ သမိုင်းဝင် အခိုက်အတန့်

အောက်တိုဘာ ၂၃ – ၂၀၂၅

အောက်တိုဘာ ၂၁ ရက်နေ့က ဂျပန် ပါလီမန်ကနေ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ LDP ခေါင်းဆောင် အမျိုးသမီး ဖြစ်သူ ဆာနာအေ တာကာအီချီ (Sanae Takaichi) ကို ဝန်ကြီးချုပ်အသစ် အဖြစ် ရွေးချယ် တင်မြှောက်လိုက်ပြီ ဖြစ်ပြီး ဂျပန် နိုင်ငံရေး သမိုင်းမှာ မှတ်တိုင်အသစ် တခု ထူလိုက်နိုင်ပြီ ဖြစ်ပါတယ်။

အခုလို သမိုင်းဝင် အခါသမယ မှာ ဆာနာအေ တာကာအီချီ နဲ့ ပတ်သက် ပြီး တခြား သတိပြုစရာ အချက်တွေ ရှိနေသေးပါတယ်။

ဒီကနေ့ ဂျပန်နိုင်ငံရှိ မိန်းကလေးငယ်များစွာ အတွက် နိုင်ငံရဲ့ ပထမ ဆုံးသော အမျိုးသမီး ခေါင်းဆောင် အဖြစ် ဆာနာအေ တာကာအီချီ ရာထူး ရယူ လိုက်တာဟာ အစွမ်းထက်ပြီး သြဇာ ရှိတဲ့ပုံရိပ် ဖြစ်ပါတယ်။

ဒါဟာ အမျိုးသားတွေ လွှမ်းမိုးတဲ့ (patriarchal society) လူ့အဖွဲ့အစည်း နဲ့ နိုင်ငံရေး စနစ်ကို အခုအချိန်မှာ အမျိုးသမီး တဦးက ဦးဆောင်နေပြီလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

ဒါပေမယ့်လည်း အပြင်ပန်း သဏ္ဌာန် အရ တိုးတက်တဲ့ အခိုက်အတန့် တခုအဖြစ် ပြောဆိုနိုင်ပေမယ့် အမျိုးသမီး တချို့ကတော့ မစ္စစ် တာကာအီချီ ကို အပြောင်းအလဲ လိုလားသူ တဦးအဖြစ် မမြင်ကြပါ။

သူမဟာ အမျိုးသားတွေ လွှမ်းမိုးတဲ့ စနစ် ကို ဆက်လက် ထိန်းသိမ်း ထားသူသာ ဖြစ်တယ်လို့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး အိုက်ဒါ အိုဂူရာ က ပြောပါတယ်။

တာကာအီချီ ဟာ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မာဂရက် သက်ချာကို အလွန်နှစ်သက်သူ ဖြစ်ပြီး သူမသည်လည်း ဂျပန်နိုင်ငံရဲ့ “သံမဏိ အမျိုးသမီး” (Iron Lady) ဖြစ်ချင်ခဲ့သူ ဖြစ်ပါတယ်။

မဂရက် သက်ချာလိုဘဲ တာကာအီချီ ဟာ ခိုင်မာတဲ့ ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ) ဝါဒီ တဦးဖြစ်ပါတယ်။

လေ့လာသူတွေက သူမရဲ့ ဦးဆောင်မှုဟာ အာဏာရ LDP ပါတီ ကနေ ပိုပြီး လယ်ျာယိမ်းတဲ့ ရှေးရိုးစွဲ အခြေခံ ဘက်ကို နည်းဗျူဟာမြောက် အရွေ့တခု ဖြစ်တယ်လို့ ဆိုကြပါတယ်။

တာကာအီချီဟာ လိင်တူချင်း လက်ထပ်တာကို ဆန့်ကျင်ပြီး၊ လက်ထပ် ပြီးတဲ့ ဇနီးမောင်နှံတွေ အနေနဲ့လည်း သားသမီးတွေကို မိဘနှစ်ဦးရဲ့ မျိုးရိုးနာမည် မဟုတ်တဲ့ သီးခြားနာမည် အသုံးပြုခွင့်ပေးတဲ့ ဥပဒေ ကိုလည်း ကာလကြာရှည် ဆန့်ကျင် ခဲ့သူ ဖြစ်တာကြောင့် အမျိုးသမီးတွေ ရဲ့ အပျိုဘဝ နာမည် ထိန်းသိမ်းခွင့်ကို ထားဆီးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူမဟာ ဧကရာဇ် မင်းဆက် ဆက်ခံမယ့် စာရင်းမှာလည်း အမျိုးသမီးတွေ ပါဝင်လာတာကို ဆန့်ကျင်သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူမ ဟာ ရွေးကောက်ပွဲ စည်းရုံးရေး ကာလ အတွင်းမှာ တော့ သဘောထား တချို့ ပျော့ပြောင်း လာတာ ရှိခဲ့ပါတယ်။

အဲဒါကတော့ ဝန်ထမ်းတွေ အတွက် ကလေးထိန်းကျောင်းတွေ ပံ့ပိုးပေးမယ့် ကုမ္ပဏီတွေကို အခွန်ခံစားခွင့်တွေ ပေးရေး ထောက်ခံ ကြောင်းနဲ့ ကလေးထိန်း စရိတ် သုံးစွဲရတဲ့ မိသားစုတွေ အတွက် အခွန် သက်သာခွင့် ဖြစ်နိုင်ခြေတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူမဟာ လူ့အဖွဲ့အစည်းနဲ့ မိသားစု အတွင်း အမျိုးသမီးတွေ အနေနဲ့ ပိုမို ရှေးရိုးစွဲဆန်တဲ့ အခန်းကဏ္ဍ ကို နှစ်ပေါင်းများစွာ ထောက်ခံ အားပေးခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၅ ရဲ့ ကျား/မ ကွာဟချက် ညွှန်းကိန်း အရ ဂျပန်ဟာ ၁၄၈ နိုင်ငံမှာ ၁၁၈ နေရာ ကနေ ရပ်တည်ခဲ့ပြီး၊ နိုင်ငံရေး နယ်ပယ်မှာလည်း အမျိုးသမီးကိုယ်စားပြုမှုဟာ သိသိသာသာ နိမ့်ကျနေ ပါတယ်။

ဦးဆောင် ရာထူးတွေကို ရိုးရာ အစဥ်အလာအရ အမျိုးသားတွေက လွှမ်းမိုးထားပြီး၊ ဂျပန်နိုင်ငံဟာ အမျိုးသမီး ဥပဒေပြု အမတ်တွေနဲ့ စီးပွားရေး ခေါင်းဆောင် အရေအတွက် တိုးပွားအောင် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံ ဟာ G7 နိုင်ငံတွေထဲ ပါလီမန်မှာ အမျိုးသမီးပါဝင်မှု နောက်ဆုံး အဆင့် ရောက်နေပါတယ်။

ဂျပန်နိုင်ငံ ဥပဒေပြုအမတ်တွေရဲ့ ၁၅.၇% ခန့်သာ အမျိုးသမီးတွေ ဖြစ်ကြ ပါတယ်။

အမျိုးသမီးတွေ မျိုးပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း နှေးကွေး နေဆဲပါ။

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၉၀ ကျော်မှာ ဆရာဝန် ဆေးလက်မှတ် မလိုဘဲ ရရှိနိုင်တဲ့ အရေးပေါ် သန္ဓေတားဆေး တမျိုးဖြစ်တဲ့ “morning after” သောက်ဆေးကို ဂျပန်နိုင်ငံ အရောင်းဆိုင်တွေမှာ ရောင်းချခွင့်ပြုဖို့ အခု သီတင်းပတ်မှသာ ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။

တချို့သူတွေက တာကာအီချီ အာဏာရလာမှုဟာ အမျိုးသမီးတွေ ရဲ့ သဘောထား အမြင်ကို ပြောင်းလဲနိုင်မယ့် အရေးပါတဲ့ အချိန်အခါ လို့ ရှုမြင်ကြပါတယ်။

၂၀၁၂ က ဂျပန်နိုင်ငံ ရဲ့ အသက်အငယ်ဆုံး အမျိုးသမီး မြို့တော်ဝန် ဖြစ်လာ ခဲ့သူ နာအိုမီ ကိုရှီ (Naomi Koshi) က “မစ္စစ် တာကာအီချီ ဝန်ကြီးချုပ် ဖြစ်လာတာဟာ အဓိပ္ပာယ် ကြီးမားစွာ ရှိပြီး၊ လူ့အဖွဲ့အစည်း အပေါ် ပိုမို ကျယ်ပြန့်တဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အသက် ၂၀ အရွယ် Audrey Hill-Uekawa ကတော့ ဂျပန်မှာ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ပေါ်လာတာဟာ မှတ်သားဖွယ်ရာ ဖြစ်ပေမယ့်လည်း သူမဟာ အဲဒီ ရာထူးကို ရဖို့ နှစ် ၃၀ ကျော် ကြာခဲ့ရတယ် ဆိုတာကို သတိရသင့်တယ်လို့ ထောက်ပြပါတယ်။

“သူမက ရေစီးကြောင်းကို တကယ်ကြီး ဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ သူမက အမျိုးသားတွေ ပြောနေကျ အတိုင်းပဲ ပြောနေတာ” လို့ ဆိုပါတယ်။

“ကျွန်မတို့က သူမရဲ့ မူဝါဒတွေအကြောင်း ပြောဖို့ လိုတယ်။ ကျွန်မတို့ဟာ တခြားသူတွေနဲ့ အတူတူပဲ သူမကို ဝေဖန်နိုင်ဖို့ လိုပါတယ်” လို့လည်း ပြောကြားသွားပါတယ်။

မစ္စစ် တာကာအီချီ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ကတော့ စီးပွားရေး ကျဆင်းမှု နဲ့ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းဖို့၊ စိတ်ပျက် နေကျတဲ့ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူဖို့ အပြင် အခု ရက်ပိုင်းမှာ သမ္မတ ထရမ့်ကို လက်ခံတွေ့ဆုံ ရဖို့ တို့ ဖြစ်ပါတယ်။

Ref: bbc

Photo: financial times

—————————

Leave a Reply

Your email address will not be published. Required fields are marked *