ပြည်တွင်း

မိုးကုတ်မြို့ကနေ ထွက်ခွာသူများ၊ ကားခ အဆမတန်မြင့်တက်ပြီး ကားငှားလို့ မရဖြစ်နေ

နိုဝင်ဘာ ၉ – ၂၀၂၅

မိုးကုတ်မြို့ကနေ တိမ်းရှောင်သူ များပြားလာမှုကြောင့် မိုးကုတ် – မန္တလေး ကားခမှာ လူတယောက်ကို ကျပ် ငါးသိန်းမှ ခြောက်သိန်း ငါးသောင်းကျပ် အထိ စျေးပေါက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အရင် အောက်တိုဘာလ တုန်းကဆိုရင် မိုးကုတ် – မန္တလေး ခရီးစဥ်အတွက် ကားခမှာ ကားအမျိုးအစား အပေါ် လိုက်ပြီး လူတယောက်ကို နှစ်သိန်းကျပ်မှ လေးသိန်းကျပ်သာ စျေးပေါက်တာ ဖြစ်ပါတယ်။

” အရင်က လိုက်ထရပ်တို့ ခွေးဘီလူးကား တို့နဲ့ဆိုရင် ခေါင်းခန်းက နှစ်သိန်းငါးသောင်း ကျတယ်။ နောက်ခန်းက နှစ်သိန်းပါ ။ 4 wheel ကားနဲ့ ဆိုရင် ခေါင်းခန်းလေးသိန်းပါ။ နောက်ခုံက သုံးသိန်း ငါးသောင်းပါ။ နောက်ကန့်မှာ လိုက်ရင် နှစ်သိန်းပါ ။ အခုကတော့ ခြောက်သိန်းငါးသောင်း လောက်အထိ ဖြစ်နေတယ်။ လိုက်ချင်သူများတော့ ကားတချို့က စျေးခေါ်တင်ကြတာပေါ့။ ကားတွေက ခုရက်ပိုင်း အကုန် လူပြည့်နေတယ် ။ “လို့ ကားသမား တယောက်က ပြောပါတယ်။

ကားခစျေးနူန်းတွေ အဆမတန် မြင့်တက်သွားတဲ့ အပြင် မိုးကုတ် ကနေ တခြားဒေသကို ခရီးသွားလိုသူ များတဲ့ အတွက် ကားငှားလို့ပင် မရတော့တဲ့အထိ ဖြစ်နေတယ်လို့ လို့သိရပါတယ်။

” မိုးကုတ်မှာက ကားတွေသိပ်မရှိဘူး ။ မန္တလေးမှာပဲ ကားတွေက ရှိနေတော့ ခက်နေတာ။ မန္တလေးကနေ ဆိုရင် ကားတွေက ခါလီတက်လာရတာ ။အဲဒီတော့ ကားခတွေ ကလည်း တက်နေတာပေါ့။ ခုဆို စာရင်း ပေးထားတာများလို့ မိုးကုတ်ကထွက်မယ့် ကားအများစုမှာ နေရာလွတ် မရှိတော့ဘူး။ အခုသွားချင်တာ မျိုးဆို ကားလက်မှတ်က ရဖို့မလွယ်ဘူး။ ရက်တော်တော် ကြိုဖြတ်မှရမယ် ။” လို့ သူက ထပ်ပြော ပါတယ်။

လက်ရှိမှာ မိုးကုတ် ကနေ မန္တလေးကို ဆင်းတဲ့အခါ မိုးမိတ်လမ်း ကနေသွားလာတဲ့ ကားရှိသလို မိုးကုတ် မှ ကျောက်မဲ – နောင်ချို – ပြင်ဦးလွင် လမ်းကြောင်း သွားသူ တွေလည်းရှိကြောင်း ၊ ခရီးစဥ်အလိုက် အနည်းဆုံး တညအိပ်ရပြီး လမ်းကြောင်း အခြေအနေ မကောင်းပါက ရက်ကြာမြင့် မှုရှိတယ် လို့သိရပါတယ်။

မိုးကုတ် – ကျောက်မဲ- နောင်ချို – ပြင်ဦးလွင် လမ်းကြောင်းကတော့ စစ်ဆေးမှု တင်းကြပ်ထားပြီး လူမျိုးခြား ဖြစ်ပါက ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ သိရပါတယ်။

” ကျောက်မဲ မရောက်ခင် စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင် စစ်တယ် ။ ပလောင် ဆိုရင် အဲဒီကား ပြန်လှည့်ရပါတယ် ။ ဝက်ဝံဂိတ်မှာ မူးယစ်ဆေးဝါး ၊လက်နက် ခဲယမ်း စစ်ပါတယ်။ တအိတ်ချင်း စစ်ပါတယ် ။ ၁၆ မိုင်ဂိတ်ကလည်း အစစ်ဆေးကြမ်းပါတယ်။ တအိတ်ချင်း ဖောက်စစ်ပါတယ် ။ ကျောက်သယ်လာရင် လိုင်စင်ရှိဖို့ လိုပါတယ်။ အားလုံး လွတ်ကင်းရင် စိတ်ပူစရာ မလိုပါဘူး ။ ” လို့ နောက်ထပ် ကားသမား တယောက်က ပြောပါတယ် ။

စစ်တပ်နဲ့ TNLA အကြား သဘောတူညီမှု အရ မိုးကုတ် မိုးမိတ် ကနေ TNLA က ပြန်ဆုတ်ပေးမှာ ဖြစ်ပေမယ့် PDF တွေကတော့ ဒီမြို့တွေကို ဆက်ထိန်းချုပ်ထားဖို့ ဆုံးဖြတ်ထားတာကြောင့် စစ်တပ် နဲ့ တိုက်တွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

Crd – VOM

ဓာတ်ပုံ – KMO

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *