၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့က သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ မိန့်ခွန်းကို BBC Panorama အစီအစဉ် အတွက် တည်းဖြတ်ရာမှာ အမှားအယွင်း ရှိခဲ့တာကြောင့် BBC က သမ္မတ ထရမ့်ကို တောင်းပန်ခဲ့ပေမယ့် လျော်ကြေးပေးဖို့ တောင်းဆိုမှုကိုတော့ ပယ်ချလိုက်ပါတယ်။
BBC က သူတို့ရဲ့ တည်းဖြတ်မှုကြောင့် “သမ္မတ ထရမ့်က အကြမ်းဖက်မှု အတွက် တိုက်ရိုက် တိုက်တွန်း နှိုးဆော်ခဲ့တယ်ဆိုတဲ့ မှားယွင်းတဲ့ ထင်မြင် ချက်ကို ပေးခဲ့မိကြောင်း” ဝန်ခံခဲ့ပြီး ၂၀၂၄ ခုနှစ်က ဒီ အစီအစဉ်ကို ထပ်မံ ထုတ်လွှင့်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ထရမ့် ရှေ့နေတွေက BBC ရဲ့ ဒီ သတင်းမှတ်တမ်းကို ရုပ်သိမ်းခြင်း၊ တောင်းပန်ခြင်း နဲ့ နစ်နာကြေား ပေးခြင်း မပြုလုပ်ပါက ဒေါ်လာ ၁ ဘီလီယံ လျော်ကြေး ပေးရန် တရားစွဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အခုလို တောင်းဆိုချက်ကို ဒီကနေ့ ညနေပိုင်းမှာ BBC က နောက်ဆုံးထား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
BBC က မနေ့ ကြာသပတေးနေ့ညက ထုတ်ပြန်ချက်မှာ “Corrections and Clarifications” ကဏ္ဍကနေ Panorama အစီအစဉ်ကို ပြန်လည် သုံးသပ်ခဲ့ ကြောင်း၊ တည်းဖြတ်မှုက ထရမ့်မိန့်ခွန်း အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်ပြီး ဖေါ်ပြခဲ့ရာမှာ သမ္မတ ထရမ့်က အကြမ်းဖက်မှု အတွက် တိုက်ရိုက် တိုက်တွန်း နှိုးဆော်ခဲ့တယ် ဟူတဲ့ မှားယွင်းတဲ့ ထင်မြင် ချက်ကို မရည်ရွယ်ဘဲ ပေးခဲ့မိကြောင်း” ဖော်ပြထားပါတယ်။
BBC အနေနဲ့ တည်းဖြတ်မှု အတွက် ရိုးသားစွာ နောင်တရ ပေမယ့် “အသရေဖျက်မှု အတွက် တောင်းဆိုဖို့ အကြောင်းမရှိ” ဘူးလို့ ပြတ်ပြတ် သားသား ပြောကြားခဲ့ပါတယ်။
BBC ဥက္ကဋ္ဌ Samir Shah ကလည်း သမ္မတ ထရမ့်ထံ စာရေးသား ပေးပို့ပြီး တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။
ထရမ့်က Fox News ကို ပြောကြားရာမှာ သူ့ မိန့်ခွန်းကို မညှာမတာ အပိုင်းပိုင်း ဖြတ်ခဲ့တယ်၊ ကြည့်ရှုသူတွေကို လှည့်ဖြားခဲ့တယ် လို့ ဆိုထားပါတယ်။
–
#BBC ရဲ့ ချေပချက် ၅ ချက်
————————–
BBC က ထရမ့်ရဲ့ ရှေ့နေတွေဆီ ပေးပို့တဲ့ စာမှာ အသရေဖျက်မှု တရားစွဲဆိုဖို့ အကြောင်းမရှိဘူးလို့ ယုံကြည်တဲ့ အချက်ငါးချက်ကို ဖော်ပြခဲ့ပါတယ်။
၁. BBC ဟာ Panorama အစီအစဉ်ကို အမေရိကန် ချန်နယ်တွေမှာ ဖြန့်ဝေခြင်း မရှိပါ။
၂. သတင်းမှတ်တမ်း ဟာ ထရမ့်ကို ထိခိုက်မှု မဖြစ်စေခဲ့ပါ၊ ဘာကြောင့်လဲ ဆိုတော့ ထရမ့်ဟာ မကြာမီက ပြန်လည်ရွေးကောက်ခံခဲ့ရတာကြောင့်လို့ ဆိုပါတယ်။
၃. ဗီဒီယို အပိုင်းကို လှည့်ဖြားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ၊ မိန့်ခွန်းရှည်ကို ချုံ့ဖို့ ဖြစ်ပြီး၊ မရည်ရွယ်ဘဲ တည်းဖြတ်မိခြင်းသာ ဖြစ်တယ်။
၄. ဒီအပိုင်းကို သီးခြားကြည့်စေဖို့ ရည်ရွယ်တာ မဟုတ်ဘဲ၊ တနာရီကြာ အစီအစဉ်မှာ ၁၂ စက္ကန့်သာ ပါဝင်ခဲ့တာ ဖြစ်ပြီး၊ ထရမ့်ကို ထောက်ခံတဲ့ အသံတွေလည်း ပါဝင်ပါတယ်။
၅. အမေရိကန် အသရေဖျက်မှု ဥပဒေတွေ အရ လူထုအရေးနဲ့ နိုင်ငံရေး မိန့်ခွန်း ဆိုင်ရာ အမြင်အပေါ်မှာ အကြီးအကျယ် အကာအကွယ် ပေးထား ပါတယ်။
–
အခုလို ပြဿနာတွေကြောင့် BBC ညွှန်ကြားရေးမှူးချုပ် Tim Davie နဲ့ သတင်းဌာနအကြီးအကဲ Deborah Turness တို့ တနင်္ဂနွေနေ့က ရာထူးက နုတ်ထွက်ခဲ့ကြပါတယ်။
ဗြိတိန် ယဉ်ကျေးမှု မီဒီယာ နဲ့ အားကစား ဝန်ကြီး Lisa Nandy က BBC ရဲ့ တည်းဖြတ်မှု စံနှုန်းတွေဟာ “တချို့ကိစ္စတွေမှာ ခိုင်မာမှုမရှိခြင်း နဲ့ တချို့ကိစ္စ တွေမှာ စဉ်ဆက်မပြတ် အသုံးမပြုခြင်း” ကြောင့် BBC ရဲ့ ဘက်မလိုက်မှု အပေါ် သံသယတွေ ဖြစ်ပေါ် စေခဲ့တယ်လို့ ပြောပါတယ်။
—————————
THN Public Media
