မြန်မာစစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲကို ထရမ့်အစိုးရက ဆန့်ကျင် ပြောဆိုဖို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ Gregory W. Meeks၊ ဆီးနိတ်နိုင်ငံခြားဆက်ဆံရေး ဥက္ကဌ Jeanne Shaheen၊ ဆီးနိတ်အမှတ် James E. Risch နဲ့ ကိုယ်စားလှယ် Brian Mast တို့ကနေ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်သူတွေ အနေနဲ့ အစိုးတရပ်ကို လွတ်လပ်ပြီး တရားမျှတစွာ ရွေးချယ်နိုင်မယ့် ရွေးကောက်ပွဲ မဟုတ်တဲ့ အတုအယောက် ရွေးကောက်ပွဲ ရလဒ် မှန်သမျှကို ဆန့်ကျင်ပြောဆိုဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လိမ်လည် လှည့်ဖျားဖို့ သက်သက်ဖြစ်တယ်ဆိုတာ ထင်ရှားကြောင်း ဖေါ်ပြထားပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းကို လှည့်ဖြားဖို့အတွက် စီစဉ်တာ ဖြစ်ပြီး၊ ဒီရွေးကောက်ပွဲ တွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနဲ့ မြန်မာပြည်သူတွေ အပေါ် ဆက်လက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ နောက်ပိုင်း တရုတ်ကျောထောက် နောက်ခံပြုထားတဲ့ အာဏာရှင်အဖွဲ့ အတွက် တရားဝင်မှု ဖန်တီးပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာမှာ တရုတ်နဲ့ ရုရှားတို့ဆီက နိုင်ငံရေးနဲ့ စစ်ရေး အထောက်အပံ့တွေ တိုးလာခဲ့ပေမဲ့ အာဏာရှင်အဖွဲ့ဟာ နယ်မြေ ထိန်းချုပ်ဖို့ ရုန်းကန်နေရဆဲပါ။
ဒီမိုကရေစီနဲ့ နိုင်ငံတကာ အသိအမှတ်ပြု လူ့အခွင့်အရေးတွေကို အမေရိကန်က ကတိကဝတ် ပြုထားတာနဲ့အညီ၊ ကျွန်တော်တို့ အနေနဲ့ ထရမ့် အစိုးရနဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီမဟာမိတ် အားလုံးကို တိုက်တွန်းလိုတာက ဒီချို့ယွင်းနေတဲ့ ရွေးကောက်ပွဲနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ပြီး တရားမျှတစွာ ကိုယ့်ရဲ့အစိုးရ ရွေးချယ်ပိုင်ခွင့်ကို ငြင်းပယ် မယ့် ရွေးကောက်ပွဲ ရလဒ်မှန်သမျှကို ဆန့်ကျင် ပြောဆိုဖို့ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့တုန်းကလည်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ကြားနာပွဲတရပ် ကျင်းပခဲ့ရာ ဒီရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
