ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် က ယူကရိန်း အရှေ့ပိုင်း ဒွန်းဘတ်စ် ဒေသကနေ ယူကရိန်းတပ်တွေ မဆုတ်ဘူးဆိုရင် ရုရှားအနေနဲ့ အင်အာသုံး တိုက်ခိုက် သိမ်းပိုက်မယ်လို့ ထပ်မံခြိမ်းခြောက် လိုက်ပါတယ်။
” ရှုပ်ထွေးမှုတွေအားလုံး အတွက် အရေးကြီးဆုံးက တခုတည်းရှိပါတယ်… ဒီနယ်မြေတွေကို ကျွန်တော်တို့ အင်အားသုံးပြီး ပြန်သိမ်းပိုက်ရမလား ဒါမှမဟုတ် နောက်ဆုံး မှာ ယူကရိန်း တပ်ဖွဲ့တွေ ဆုတ်ခွာပေးမလား” ဆိုပြီး ပူတင်က သတိပေး သွားခဲ့ တာပါ။
လက်ရှိ အနေအထားမှာ ရုရှား ဒွန်ဘတ်စ်ဒေသ ရဲ့ ၈၅% နီးပါး ကို သိမ်းပိုက် ထားပေမယ့် ယူကရိန်းက အခုအချိန်အထိ အလျှော့ပေးဖို့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ထရမ့်ရဲ့ ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ် အောင်မြင်မှု မရ ဖြစ်နေချိန်မှာ အခုလို ပူတင်ရဲ့ ပြောကြားချက် ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။
ထရမ့် က တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ တွန်းအား ပေးနေ ခဲ့ပေမယ့် ယူကရိန်းက ရုရှားကို နယ်မြေတွေ ပေးရပြီး ယူကရိန်း လုံခြုံရေး အတွက် အာမခံချက်ပေး ဖို့ ဆိုတဲ့ အချက်အပါအဝင် တခြားသဘောတူညီမှုတွေ မရရှိသေးပါ။
ထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် ၂၈ ချက် ကို ရုရှားနဲ့ ဆွေးနွေးရာမှာ ၂၇ ချက် ချုံ့လိုက်ပြီး အစီအစဥ် လေးပိုင်း အဖြစ် ခွဲခဲ့တယ်လို့ ရုရှား ခေါင်းဆောင်တွေက ကြာသပတေးနေ့က ပြောပါတယ်။
“ကျွန်တော်တို့နဲ့ မကိုက်ညီတဲ့ အရာ ဒါမှမဟုတ် ကျွန်တော်တို့ သဘောတူနိုင်တဲ့ အရာကို အတိအကျ ပြောဖို့ကတော့ စောနေ ပါသေးတယ်။ ဘာလို့လဲဆိုတော့ သမ္မတထရမ့် လုပ်ဆောင်လိုတဲ့ ပုံစံ အတွက် ဖျက်သလို ဖြစ်နိုင်ဖွယ် ရှိလို့ပါ…’’ လို့ ပူတင်က ပြောကြားခဲ့ ပါတယ်။
ပူတင်က ထရမ့်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ချီးကျူးခဲ့ပြီး “ပဋိပက္ခဖြစ်နေတဲ့ နှစ်ဘက်အကြား သဘောတူညီမှုရရှိဖို့က လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး” လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇလန်စကီးကတော့ ပူတင်ဟာ စစ်ပွဲကို ဆွဲဆန့် လိုကြောင်း ရှင်းရှင်းလင်းလင်း ပြသနေတယ်လို့ သူ့ရဲ့ မနေ့က ညနေခင်း မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
“ကျွန်တော်တို့ရဲ့ အလုပ်က ရုရှားမှာ ဘာတွေပြောခဲ့လဲ၊ ပူတင်က စစ်ပွဲကို ဆွဲဆန့်ဖို့နဲ့ ယူကရိန်း အပေါ် ဖိအားပေးဖို့ (ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး အပေါ် ဖိအားပေးဖို့) တခြား ဘယ်လို အကြောင်းပြချက်တွေ ပေးလာ သလဲ ဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံကို ရယူဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
“ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ အားလုံးနဲ့ တတ်နိုင်သမျှ အပြုသဘောဆောင် လုပ်ဆောင် သွားမှာဖြစ်ပါတယ်… ဒါက နောက်ဆုံးမှာတော့ ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်ရပါမယ်” လို့ ဇယ်လန်စကီးက ပြောကြားခဲ့ပါတယ်။
—————————
THN Public Media
