စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၅ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ အယောက် ၂၀ ဝန်းကျင် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
မနေ့ည ၈ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် (အရှေ့ခြမ်း)၊ မရကန်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၈ ယောက် ပွဲချင်းပြီး သေဆုံးကာ ဆေးကုသမှု ခံယူနေစဉ်အတွင်း နှစ်ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကနဦးရရှိတဲ့ သတင်းတွေအရ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ ကျော် ရှိနေတယ်လို့ သိရပြီး နေအိမ် ၁၀ လုံးထက်မနည်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လက်ဘက်ရည်ဆိုင်ပေါ်ကို ကျတာပါ။ သေဆုံးက ကနဦး ၁၈ ယောက်မှာ နှစ်ယောက် ထပ်တိုးတယ်။ စုစုပေါင်း အယောက် ၂၀ ရှိမယ်။ ဒါက ကျွန်တော် သိသလောက်ပေါ့။ ကျန်တာတော့ မသိသေးဘူး။ ဒဏ်ရာရ ကတော့ ခန့်မှန်းခြေဆိုရင် အယောက် ၃၀ ကျော်လောက် ရှိနိုင်တယ်။ ဒီထက်လည်း များနိုင်တယ်။ ဒဏ်ရာရထဲမှာ ပြင်းထန် အဆင့်တွေ လည်းပါတော့ သေဆုံးအရေအတွက်က ထပ်တိုးနိုင်ခြေရှိတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒီပဲယင်းမှာ မနေ့ နေ့လယ် ၁ နာရီလောက်ကစပြီး ညပိုင်းအချိန်အထိ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ဖြစ်ပွားနေတာလို့ သိရပြီး နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ လေကြောင်း တိုက်ခိုက်ခံရမှုမှာတော့ လူအသေအပျောက်နဲ့ ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒီပဲယင်းမြို့နယ် အတွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
လက်ရှိ ရွှေဘိုမြို့နယ်နဲ့ ဝက်လက် မြို့နယ်တွေထဲက ကျေးရွာတချို့မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
——–
ဒီပဲယင်း ပအဖ က ထုတ်ပြန်တဲ့ သေဆုံးသူစာရင်း
မရကန်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုတွင် လတ်တလောရရှိထားသောသေဆုံးသူများစာရင်း
——————-
(၁)ဦးလင်းအောင် (ဘ) ဦးဖိုးစိန် ၅၀ နှစ်
(၂)ဒေါ်ဌေးစီ (ဘ ) ဦးရေလှ ၅၃ နှစ်
(၃) ကိုဖြိုးဝေအောင် ( ဘ) ဦးလင်းအောင် ၂၂ နှစ်
(၄)သန်းဇော်ဦး ဒိုင်နတ် ကျေးရွာ (ဘ ) စုံစမ်းဆဲ
(၅)ဦးတင်ရွှေ ( ဘ ) စုံစမ်းဆဲ ၇၇ နှစ်
(၆)ဒေါ်ခင်မာအေး (ဘ ) ဦးမှတ်ဌေး ၅၇ နှစ်
(၇) ကိုဝေယံစိုး (ဘ ) ဦး ကံ ညွှန့် ၃၈ နှစ်
(၈)ကိုဖိုးနီ ( ဘ) ဦးမှတ်ရှိန် ၄၄ နှစ်
(၉)ဦး ကံဌေး (ဘ ) ဦးရေလှ ၅၆ နှစ်
(၁၀)ဦးမြတ်ရှိန်း (ဘ ) ဦးထွန်းသာ ၇၂ နှစ်
(၁၁)ဦးညဏ်ပို (ဘ )စုံစမ်းဆဲ ၇၅ နှစ်
(၁၂)ရဲထက် (ဘ) ဦးနိုင်ဝင်း ၃၃ နှစ်
(၁၃)ကိုဇော်ဌေး (ဘ ) ဦးဝင်းဗိုလ် ၄၄ နှစ်
(၁၄)ပူတူး ( ဘ) ဦးမြင့်အောင် ၃၇ နှစ်
(၁၅)ခန့်ဇေယျာအောင် (ဘ ) ဦးပူတူး ၅ နှစ်
(၁၆)ဦးကျော်မြင့် ( ဘ ) ဦးဘိုတင် ၅၉ နှစ်
(၁၇)ဦးမြင့်သောင်း (ဘ ) ဦးချစ်ခင် ၅၇ နှစ်
(၁၈)ဒေါ်ခင်မော် (ဘ ) ဦးဌေးမောင် ၅၇ နှစ်
—————————
crd – VOM
—————
THN Public Media
