ပြည်တွင်း

ပြည်သူ့ရှေ့ဆောင်ပါတီရုံး ပေါက်ကွဲမှု သတင်းအမှားသာ ဖြစ်တယ်လို့ ပါတီဒုဥက္ကဋ္ဌ ပြော

ဒီဇင်ဘာ ၂၆ – ၂၀၂၅

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရုံးမှာ မနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ည ၁၀ နာရီ ၄၅ မိနစ် ဝန်းကျင်က ပေါက်ကွဲမှုဖြစ်တယ် ဆိုတာဟာ သတင်းအမှားသာ ဖြစ်တယ်လို့ PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ပြောပါတယ်။

“မဟုတ်ပါဘူး၊ သတင်းအမှားပါ။ အဲဒီပါတီရုံးက လူတွေတောင် ဘာမှ မပြောပါဘူး။ ဆိုရှယ်မီဒီယာ ပေါ်မှာတော့ အကုန်လုံးက ပေါက်ကရ ပြောနေကြတာပဲ။ ကျွန်တော်တို့က ဟုတ်ရင် ဟုတ်တယ် ပြောမှာပါ။ အခုဟာက ဟုတ်မှမဟုတ်တာ။ သူတို့ဘက်က ဒီလို ထုတ်ပြန်ထားတဲ့ အပေါ်မှာလည်း ဘာမှ မှတ်ချက်မပြုချင်ပါဘူး။ ကျွန်တော်တို့က ဘာမှ အဲဒါတွေ ဂရုမစိုက်တော့ဘူး။ ဒါက သူ့အလုပ်သူလုပ်တာပဲ။ ကျွန်တော်တို့လည်း ကျွန်တော်တို့အလုပ် လုပ်ကြရမှာပဲ” လို့ ပြောပါတယ်။

ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ မြို့နယ်ရုံးကို ပြင်းအားမြင့် မိုင်း နှစ်လုံး၊ လက်ပစ်ဗုံး တလုံးတို့နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မှော်ဘီမြို့မှာ နေထိုင်သူ တယောက်ကလည်း “ညက ဘာသံမှ မကြားမိပါဘူး။ မနက်ကလည်း အဲဒီသတင်း မကြားဘူး။ ကြိုတင်မဲတွေတောင် လိုက်ကောက်နေပြီ။ ပေါက်ကွဲမှု ဖြစ်တဲ့ နေရာက ဝေးဝေး၊ နီးနီး ပြင်းအားမြင့်ဆို ကြားမှာပဲ။ အဲဒီအချိန် အိပ်မှမအိပ်သေးတာ။ ညကတော့ ဘာသံမှ မကြားဘူး” လို့ ပြောပါတယ်။

Yangon Army ရဲ့ ထုတ်ပြန်ချက်မှာတော့ PPP ပါတီဝင်တွေနဲ့ ပျူစောထီးတွေ အဲဒီ ပါတီရုံးမှာ သောက်စား မူးရူးနေစဉ် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပြီး တရားမဝင် ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ နေရာတွေ၊ ပါဝင်လုပ်ကိုင်နေကြသူတွေ၊ ပတ်သက်ဆက်နွယ်နေတဲ့ နေရာတွေကို ပစ်မှတ်ထားကာ ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် The Blood Line အဖွဲ့ကလည်း အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ညနေ ၆ နာရီဝန်းကျင်က လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး အနီးမှာ မိုင်းခွဲ သတိပေး တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထား ပါတယ်။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *