နိုင်ငံတကာ

မြန်မာနိုင်ငံဟာ ဂျီနိုဆိုက်ကျူးလွန်ကြောင်း ဂမ်ဘီယာ ဘက်က ICJ မှာ နောက်ဆုံးပိတ် လျှောက်လဲ

ဇန်နဝါရီ ၂၇ – ၂၀၂၅

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာ ဘက်က ဒီကနေ့ နောက်ဆုံးပိတ် လျှောက်လဲရာမှာ မြန်မာနိုင်ငံဟာ ဂျီနိုဆိုက် ကျူးလွန် ကြောင်း ဂမ်ဘီယာ ရှေ့နေချုပ် နဲ့ တရားရေးဝန်ကြီး Mr. Dawda A. Jallow က တင်ပြသွားပြီး တောင်းဆိုချက်တွေကို ဖတ်ကြားသွားခဲ့ ပါတယ်။

ဂမ်ဘီယာ ဘက်က အပြီးသတ် တင်ပြသွားခဲ့ပြီ ဖြစ်လို့ မနက်ဖြန် ဇန်နဝါရီ ၂၈ နဲ့ သဘက်ခါ ၂၉ ရက်နေ့တွေမှာ မြန်မာဘက်က နောက်ဆုံးပိတ် ပြန်လည် လျှောက်လဲ ရမှာ ဖြစ်ပါတယ်။

#ဂမ်ဘီယာ ရှေ့နေချုပ် နဲ့ တရားရေးဝန်ကြီး Mr. Dawda A. Jallow ရဲ့ အဆုံးသတ်လျှောက်လဲချက် အပြည့်အစုံ

———————————————–

ဥက္ကဋ္ဌကြီးနဲ့ လေးစားအပ်ပါတဲ့ တရားသူကြီးမင်းတို့ခင်ဗျာ…

အခုလို နှုတ်ဖြင့်လျှောက်လဲချက်ပေးတဲ့ အစီအစဉ်မှာ ဂမ်ဘီယာနိုင်ငံရဲ့ တင်ပြချက်တွေကို နိဂုံးချုပ်ပြီး ကျွန်တော်တို့ရဲ့ နောက်ဆုံး တောင်းဆိုချက် တွေကို ဖတ်ကြားခွင့်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာတွေ အပေါ် မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တာတွေနဲ့ တခြားသော ချိုးဖောက်မှု တွေအကြောင်း ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့တဲ့ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေကို ပြီးခဲ့တဲ့ သုံးပတ် လုံးလုံး လူကြီးမင်းတို့ ကြားနာခဲ့ပြီး ဖြစ်ပါတယ်။

လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ခိုင်မာတဲ့ အရင်းအမြစ်တွေ ဆီက ရရှိထားတဲ့ ဒီသက်သေတွေ အရ မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ် ဆိုတာကို အပြည့်အဝ သက်သေပြနေပါတယ်။

အခုတော့ ဒီကိစ္စဟာ ဂုဏ်သရေရှိတဲ့ ဒီ တရားရုံးတော်ရဲ့ လက်ထဲကို ရောက်ရှိ သွားပါပြီ။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူ စာချုပ်ကို စောင့်ရှောက်သူ ဖြစ်တဲ့ ဒီတရားရုံးတော် အနေနဲ့ မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တာတွေ အတွက် တာဝန်ယူမှု ရှိစေခြင်းအားဖြင့် စာချုပ်အရ အကာအကွယ် ပေးထား ရမယ့် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးမယ့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေး အဖွဲ့အစည်းဖြစ်တဲ့ ဒီတရားရုံးတော်ဟာ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးဖို့နဲ့ အပြစ်ပေးဖို့ ဆိုတဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာပြီး ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုတွေ အတွက် တရားမျှတမှု ကို ဖော်ဆောင်ပေး လိမ့်မယ်လို့လည်း ထပ်ပြီး ယုံကြည်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်က သူ့ရဲ့ အဖွင့်စကားမှာ ပြောသွား တာ ကတော့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ် ဖျက်မရတဲ့ အစွန်း အထင်း တခု ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒါဟာ အမှန်တရားကို ပြောင်းပြန်ပြောနေတာပါ။

မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကြောင့်သာ နိုင်ငံမှာ အစွန်းအထင်း ဖြစ်ခဲ့ရတာပါ၊ အဲဒီအစွန်းအထင်းကို အမှန်တရားနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကနေ တဆင့်ပဲ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

ဒီတရားရုံးတော် ကနေ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး အမှန်တရားကို ထုတ်ဖော်ပြောဆိုကာ နစ်နာကြေးတွေ အပါအဝင် သင့်လျော်တဲ့ ကုစားမှုတွေကို အမိန့်ချမှတ် ပေးတာဟာ မြန်မာနိုင်ငံကို ရက်စက်ကြမ်းကြုတ်မှု တွေနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ သံသရာ ကနေ လွတ်မြောက်ဖို့ ကူညီပေးပါလိမ့်မယ်။

အဲဒီသံသရာ ကတော့ အခုချိန်မှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကြီးကြပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးက နိုင်ငံကို အင်အားသုံးပြီး အုပ်ချုပ်နေတဲ့ သံသရာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတွေဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုကို ရရှိဖို့ ထိုက်တန် ပါတယ်။

ဒီဂုဏ်သရေရှိ တရားရုံးတော် အနေနဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးလိမ့် မယ်လို့ ကျွန်တော်တို့ လေးလေးနက်နက် မျှော်လင့်ယုံကြည်ပါတယ်။

ဥက္ကဋ္ဌကြီးနဲ့ တရားရုံးအဖွဲ့ဝင်တို့ခင်ဗျာ၊ အခု ကြားနာပွဲတွေအတွက် ခက်ခဲတဲ့ စီစဉ်မှုတွေကို ကျွမ်းကျင်မှု အပြည့်နဲ့ စေ့စပ်သေချာစွာ ဆောင်ရွက် ပေးခဲ့တဲ့ မှတ်ပုံတင် အရာရှိနဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင် စကား ပြောကြားလိုပါတယ်။

စိန်ခေါ်မှုတွေကြား ကနေ အမှားအယွင်းမရှိ ဘာသာပြန်ပေးခဲ့တဲ့ စကားပြန်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်။

ပြီးတော့ အခုလို ကြားနာပွဲတလျှောက်လုံး အလေးထားပြီး ယဉ်ကျေး ပျူငှာစွာ နားထောင်ပေးခဲ့ကြတဲ့ အပြင် စဉ်းစားစရာ မေးခွန်းတွေ မေးမြန်း ခဲ့ကြတဲ့ တရားသူကြီးမင်းတို့ ကိုလည်း ကျေးဇူးတင်ပါတယ်။

အခု ဂမ်ဘီယာနိုင်ငံရဲ့ နောက်ဆုံး တောင်းဆိုချက်တွေကို ဖတ်ကြား ပါတော့မယ်။

ဂမ်ဘီယာသမ္မတ နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးတော်ကို အလေးအနက် တောင်းဆိုချင်တာ ကတော့

#ပထမအချက် အနေနဲ့ မြန်မာနိုင်ငံဟာ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့ တွေနဲ့ စေခိုင်းခံရသူတွေကနေ တဆင့် ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကြောင့် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ချက် ချပေးဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်းမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်အောင် တိုက်ရိုက်နဲ့ လူသိရှင်ကြား လှုံ့ဆော်ခဲ့ ပါတယ်။

မြန်မာနိုင်ငံဟာ ပြစ်ဒဏ် ပေးထိုက်တဲ့ လုပ်ရပ်တွေကို အပြစ်ပေးဖို့ ပျက်ကွက်ခဲ့ ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူ စာချုပ်ပါ ပြဋ္ဌာန်းချက်တွေ အသက်ဝင်လာအောင် လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ပျက်ကွက်ခဲ့ ပါတယ်။

ဒီချိုးဖောက်မှုတွေ အတွက် တာဝန်ရှိတာကြောင့် မြန်မာနိုင်ငံ အနေနဲ့ အခုလုပ်ဆောင်နေတဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်ရပါမယ်။

လူမျိုးတုံးသတ်ဖြတ်ဖို့ လှုံ့ဆော်တာတွေကို တားဆီးဖို့ ချက်ချင်းနဲ့ ထိရောက် တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရပါမယ်။

လူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်တပ်၊ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် မည်သူ့ကို မဆို လွတ်လပ်တဲ့ တရားရုံးမှာ စစ်ဆေးစီရင်ရ ပါမယ်။

လူမျိုးတုံးသတ်ဖြတ်မှု ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ အတွက် နစ်နာကြေးတွေ ပေးရပါမယ်၊ သူတို့ကို ဘေးကင်းလုံခြုံပြီး သိက္ခာရှိရှိ နေရပ်ပြန်ခွင့် ပေးရ ပါမယ်။

အိမ်ယာတွေနဲ့ မြေယာတွေ အပါအဝင် ပိုင်ဆိုင်မှုတွေကို ပြန်ပေးရပါမယ်၊

မိသားစုတွေ ပြန်လည်ပေါင်းစည်း နိုင်အောင် လုပ်ဆောင်ပေးရပါမယ်။

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပြန်လည် ကုစားပေးရ ပါမယ်၊ ဆေးဝါးကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေလည်း ပါဝင်ရ ပါမယ်။

ပျောက်ဆုံးနေသူတွေကို ရှာဖွေပေးပြီး သေဆုံးသူတွေကို သူတို့ရဲ့ ထုံးတမ်း စဉ်လာအတိုင်း ပြန်လည်သင်္ဂြိုဟ်ပေးရပါမယ်။

ရိုဟင်ဂျာတွေရဲ့ ကိုယ်ပိုင် အမည်နာမနဲ့ ရပ်တည်ပိုင်ခွင့်ကို အာမခံရပါမယ်၊ သူတို့ကို ခွဲခြားဆက်ဆံမှုတွေ ကနေ အကာအကွယ်ပေးရပါမယ်။

မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ပေးရပါမယ်၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေကိုလည်း ခွဲခြားမှုမရှိဘဲ လုပ်ကိုင် ခွင့် ပေးရပါမယ်။

နစ်နာဆုံးရှုံးမှုတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးတွေ ပေးရပါမယ်။

အရေးအကြီးဆုံး ကတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဒါမှမဟုတ် အဖြစ် အပျက် တွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအားလုံးကို အပြည့် အဝနဲ့ တန်းတူညီတူရှိတဲ့ နိုင်ငံသားဖြစ်ခွင့် ပေးရပါမယ်။

မြန်မာနိုင်ငံဟာ တရားရုံးရဲ့ ယာယီအမိန့်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် သေဆုံးသူတွေနဲ့ ပျက်စီးမှုတွေအတွက်လည်း ပြန်လည် ကုစားပေးရပါမယ်။

ဒါဟာ ဂမ်ဘီယာနိုင်ငံရဲ့ နောက်ဆုံး တောင်းဆိုချက်တွေပဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး၊ ဒါဟာ ဂမ်ဘီယာနိုင်ငံရဲ့ နိဂုံးချုပ် တင်ပြ ချက်တွေ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *