ဖေဖေါ်ဝါရီ ၅ – ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ ကတည်းက စဖြစ်နေတဲ့ အစိုးရယန္တရား တစိတ်တပိုင်း ပိတ်ထားရတာကို အဆုံးသတ်ဖို့ ဒေါ်လာ ၁.၂ ထရီလီယံ တန်တဲ့ ဘတ်ဂျက်ကို အင်္ဂါနေ့က လက်မှတ်ထိုးလိုက်ပါပြီ။
ဒီသဘောတူညီချက်ဟာ အင်္ဂါနေ့ အစောပိုင်းမှာပဲ အမေရိကန်အောက် လွှတ်တော်မှာ ၂၁၇ မဲ – ၂၁၄ မဲနဲ့ အတည်ပြုနိုင်ခဲ့တာပါ။
အထက်လွှတ်တော် ကတော့ ဒီဘတ်ဂျက် အတွက် ပြီးခဲ့တဲ့ သောကြာနေ့ ကတည်းက အတည်ပြုပြီးသားဖြစ်ပါတယ်။
ဒီဘတ်ဂျက် အထဲမှာ ကွန်ဂရက်က အတည်ပြုထားတဲ့ Burma Act ကနေ မြန်မာ အတွက် ၁၂၁ သန်း ပေးဖို့ ပါဝင်ပါတယ်။
အမေရိကန် အစိုးရဌာန အတော်များများဟာ စက်တင်ဘာလမှာ ကုန်မယ့် ဘဏ္ဍာရေးနှစ်ကုန် အထိ ရန်ပုံငွေ ရသွားကြပါပြီ။
ဒါပေမဲ့ ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန (DHS) အတွက်တော့ နောက် အပတ်ကုန် အထိပဲ ရန်ပုံငွေ ပေးထားတာပါ။
ပြီးခဲ့တဲ့လက မင်နီယာပိုးလစ်မှာ ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန် နိုင်ငံသားနှစ်ဦး သေဆုံးခဲ့ ရလို့ ဒီမိုကရက်တွေက DHS ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆို နေတာကြောင့် လွှတ်တော်အမတ်တွေက ညှိနှိုင်းရမှာ ဖြစ်ပါတယ်။
ဒီမိုကရက်တွေက ဖက်ဒရယ်ဥပဒေ စိုးမိုးရေးအဖွဲ့တွေ၊ အထူးသဖြင့် DHS အောက်မှာရှိတဲ့ ICE အဖွဲ့ အပေါ်မှာ ကန့်သတ်ချက်တွေထားဖို့ တောင်းဆို နေကြတာပါ။
သဘောတူညီချက် အသစ်သာ မရဘူးဆိုရင် DHS ရဲ့ ရန်ပုံငွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သက်တမ်းကုန်သွားမှာ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းဟာ အမေရိကန် ပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲတခုပါပဲလို့ ထရမ့်က အင်္ဂါနေ့မွန်းလွဲပိုင်း အိုဗယ်ရုံးခန်းမှာ ဘတ်ဂျက် လက်မှတ်ထိုးရင်း ပြောခဲ့ပါတယ်။
DHS ရန်ပုံငွေကိစ္စဟာ ဒီဘတ်ဂျက်ထဲမှာ အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်ပြီး ပါတီတခုချင်းစီ အတွင်းမှာတောင် ဘယ်လို ဆက်လုပ်မလဲဆိုတာ သဘောမတူနိုင်ကြသေးပါ။
DHS ထဲမှာ လဝက ICE ၊ နယ်စပ်ကာကွယ်ရေး CBP၊ ကမ်းခြေ စောင့်တပ်နဲ့ လျှို့ဝှက်ဝန်ဆောင်မှုဌာန စတဲ့ လက်အောက်ခံဌာနတွေ အများကြီး ပါဝင်နေတာပါ။
ဒီမိုကရက်တွေ ကတော့ DHS လက်အောက်က ICE တွေမှာ ကင်မရာ တပ်ထားဖို့ နဲ့ မျက်နှာဖုံးစွပ်တာမျိုး မျက်နှာကို ဖုံးကာ မထားဖို့ အပြောင်း အလဲတွေကို လိုချင်နေကြတာပါ။
မင်နီယာပိုးလစ်မှာ အရပ်သား ၂ ဦး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ လည်း DHS ရဲ့ ရန်ပုံငွေတွေနဲ့ လုပ်ထုံးလုပ်နည်း တွေကို ပြောင်းလဲဖို့ သူတို့က တောင်းဆိုထားပါသေးတယ်။
အမေရိကန် လွှတ်တော်ရဲ့ အစိတ်အပိုင်း နှစ်ခုလုံးဖြစ်တဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က အတည်ပြုပြီးမှသာ သမ္မတက ဥပဒေ အဖြစ် လက်မှတ် ထိုးလို့ရတာပါ။
အထက်လွှတ်တော်အမတ်တွေက အသုံးစရိတ် ဥပဒေကြမ်း ၅ ခုကို သဘောတူခဲ့ပေမဲ့ DHS ကို ရန်ပုံငွေပေးမယ့် ၆ ခုမြောက် ဥပဒေကြမ်း ကိုတော့ ဖယ်ထုတ်ထားခဲ့ကြပါတယ်။
အဲဒီအစား အထက်လွှတ်တော်က ရေရှည်ဘတ်ဂျက်အတွက် အငြင်းပွား နေကြတုန်းမှာ DHS ကို ၂ ပတ်စာလောက်ပဲ ဆက် လည်ပတ် နိုင်မယ့် ငွေကို အစားထိုးအတည်ပြုခဲ့တာပါ။
အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် ဝန်ဆောင်မှု အတော်များများ ထိခိုက် ခဲ့ရပြီး လေကြောင်း ဦးစီးဌာနနဲ့ လေကြောင်း ထိန်းချုပ်ရေး ဝန်ထမ်း ထောင်ပေါင်း များစွာကို အလုပ်နားခိုင်းတာ ဒါမှမဟုတ် လစာမရဘဲ အလုပ် လုပ်ခိုင်းတာမျိုးတွေ ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် အလုပ်သမားစာရင်းအင်း ဗျူရိုက လစဉ်ထုတ်နေကျ အလုပ်အကိုင် အစီရင်ခံစာကိုလည်း ကြန့်ကြာသွားစေမှာပါ။
ဒီအစီရင်ခံစာကို နိုင်ငံရေးသမားတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ သာမန် ပြည်သူတွေက စီးပွားရေး အခြေအနေ ဘယ်လိုရှိလဲဆိုတာ သိနိုင်ဖို့ ကြည့်ကြတာ ဖြစ်ပါတယ်။
Ref: bbc
—————————
THN Public Media
