ဖေဖေါ်ဝါရီ ၁၃ – ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ ကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့ Gen Z ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အပြီး ၁၈ လ အကြာ ရွေးကောက်ပွဲမှာ ဗဟိုလက်ယာယိမ်း ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ BNP က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီ သမိုင်းဝင် အထွေထွေရွေးကောက်ပွဲမှာ BNP ပါတီ က လွှတ်တော် အမတ်နေရာ သုံးပုံနှစ်ပုံကျော်ကို အနိုင်ရရှိခဲ့ပြီး၊ အဓိက အစ္စလာမ္မစ် ပါတီ ဖြစ်သော Jamaat ပါတီက ဒုတိယနေရာမှာ ရှိနေပါတယ်။
ရှိတ်ဟာဆီးနာ ရဲ့ အာဝါမီလိဂ် Awami League ပါတီကတော့ ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
BNP ခေါင်းဆောင် Tarique Rahman က ဝန်ကြီးချုပ် ဖြစ်လာ တော့မှာ ဖြစ်ပြီး၊ ရှိတ်ဟာဆီးနာ ရဲ့ ၁၅ နှစ်ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှု အပြီး စီးပွားရေး ပြန်လည် နာလန်ထူဖို့နဲ့ ဒီမိုကရေစီကို ပြန်လည် ဖော်ဆောင်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေဟာ ရွေးကောက်ပွဲနဲ့ အတူ ကျင်းပတဲ့ ပြည်သူ့ ဆန္ဒခံယူပွဲမှာ ကျယ်ပြန့်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ထောက်ခံခဲ့ကြ ပါတယ်။
“ကျွန်တော့်အပေါ် ထားရှိတဲ့ ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာ အတွက် ကျေးဇူးတင်ပါတယ်” ဟု Tarique Rahman က ဒါကာမြို့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ တက်ရောက်စဉ် ဆုတောင်း ပေးသူတွေကို ပြောကြားခဲ့ ပါတယ်။
သူ့ပါတီ အနေနဲ့ ကတော့ အောင်ပွဲခံ စီတန်းလှည့်လည်မှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
လန်ဒန်မြို့မှာ ၁၇ နှစ်ကြာ အဝေးရောက် တဦး အနေနဲ့ နေထိုင်ခဲ့တဲ့ Tarique Rahman ဟာ ပထမဆုံးအကြိမ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရတာ ဖြစ်ပြီး ဘဝရဲ့ ကံကြမ္မာ အကြီးအကျယ် ပြောင်းလဲ သွားခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ မိခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ဒီဇင်ဘာလမှာ ကွယ်လွန်ပြီးနောက် ပါတီ အကြီးအကဲအဖြစ် သူက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက် အရ မဲပေးသူ ၅၉.၄၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါတယ်။
မဲဆွယ်စည်းရုံးစဉ် အတွင်း Tarique Rahman က ဒီမိုကရေစီကို ပြန်လည် ဖော်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။
နိုင်ငံ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့၊ စားသောက်ကုန် စျေးနှုန်းတွေ မြင့်တက်နေတာကို ထိန်းချုပ်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ် လူငယ် အင်အားစုကြီး အတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ ကိစ္စရပ်တွေဟာ အစိုးရသစ် ရင်ဆိုင်ရမယ့် အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။
အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တင်းမာနေတဲ့ ဆက်ဆံရေး ကို ပြန်လည် ကောင်းမွန်ဖို့ အတွက်လည်း ဦးစားပေးလုပ်ငန်းတွေထဲ ပါဝင်နေပါတယ်။
သူအနိုင်ရရှိပြီး နာရီပိုင်းအတွင်းမှာပဲ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သူ့ထံ ဖုန်းခေါ်ဆိုပြီး “ထူးခြားပြောင်မြောက်တဲ့ အောင်ပွဲ” အတွက် ဂုဏ်ပြု စကား ပြောကြားခဲ့ပါတယ်။
“နက်ရှိုင်းတဲ့ သမိုင်းဝင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးရှိတဲ့ အိမ်နီးချင်း ကောင်း နှစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ ပြည်သူ နှစ်ရပ်လုံးရဲ့ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနဲ့ သာယာဝပြောရေး အတွက် အိန္ဒိယရဲ့ ကတိကဝတ်ကို ဆက်လက် ထပ်လောင်းအတည်ပြုပါတယ်” လို့ မိုဒီက X မှာ ရေးသားခဲ့ပါတယ်။
BNP ပါတီဟာ နိုင်ငံအတွင်း အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ကတိပြုနေ ပြောကြားနေပေမယ့် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလ အစိုးရအဖြစ် တာဝန်ယူစဉ် အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ref: bbc
photo: getty
—————————
THN Public Media
