နိုင်ငံတကာ

ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဂျပန်ဝန်ကြီးချုပ်အဖြစ် တာကာအီချီ ပြန်လည် အရွေးခံရ

Japan’s Prime Minister and Liberal Democratic Party (LDP) President Sanae Takaichi addresses a news conference at the prime minister’s office in Tokyo on February 18, 2026. (Photo by Kiyoshi Ota / POOL / AFP via Getty Images

ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆

ပြီးခဲ့တဲ့ အပတ်က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိ ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအီချီ ကို မနေ့က လွှတ်တော် ကနေ ဝန်ကြီးအဖြစ် ထပ်မံရွေးချယ် ခန့်အပ်လိုက်ပါတယ်။

တာကာအီချီ အနေနဲ့ အရင် ဝန်ကြီးတွေ အားလုံးကို ဆက်လက် ထားရှိဖို့ မျှော်လင့်ရပြီး အစိုးရ ကို ဒီအတိုင်း ဆက်သွားမယ့် ပုံရှိပါတယ်။

အမတ်နေရာ အများစု အနိုင်ရတဲ့အတွက် သူမရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ အနေနဲ့ ဩဇာသက်ရောက်မှု အားကောင်းလာစေ မှာ ဖြစ်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး အထက်လွှတ်တော် ရဲ့ အတည်ပြုချက်နဲ့ ပြည်သူ့ ဆန္ဒခံယူပွဲတို့ လိုအပ်နေသေး တာကြောင့် တာကာအီချီ အနေနဲ့ ဂျပန်ရဲ့ စစ်ပြီးခေတ် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တဘက်သတ် ပြင်ဆင်နိုင်မှာ မဟုတ်သေးပါ။

ဒါပေမယ့်လည်း သူမ အနိုင်ရလိုက်တာဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး မူဝါဒတွေ အတွက်တော့ အပြောင်းအလဲ ဖြစ်ဖို့ အလေးသာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်စစ်တပ် အင်အားကောင်းလာစေဖို့၊ အစိုးရအသုံးစရိတ် တိုးမြှင့်ဖို့ နဲ့ ရှေးရိုးစွဲ လူမှုရေး ဆိုင်ရာ မူဝါဒတွေကို အားကောင်းဖို့ အပါအဝင် လက်ယာစွန်း မူဝါဒတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကာကွယ်ရေးစွမ်းရည်မြှင်တင်ရေး၊ ပြည်ပကို လက်နက်တင်ပို့မှု ပိတ်ပင် ထားတာ ရုပ်သိမ်းရေး၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေး လေ့လာဖို့ ကတိပြုထားတဲ့ အပြင် အမေရိကန်၊ သြစတြေးလျနဲ့ ဗြိတိန်တို့လို့ မဟာမိတ်တွေနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ဖို့ကိုလည်း ကတိပြုထားတာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်း မြင့်တက်လာမှုနဲ့ လုပ်ခလစာတက်တာ နှေးကွေး နေတာကို ဖြေရှင်းဖို့ အတွက်လည်း သူမရဲ့ အရေးတကြီး ပြည်တွင်း ဦးစားပေး လုပ်ငန်း ဖြစ်ပါတယ်။

နိုင်ငံခြားရေးမူဝါဒမှာတော့ တာကာအီချီ ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ထိပ်သီးဆွေးနွေးပွဲ အတွက် ပြင်ဆင်နေပြီး၊ အမေရိကန်-ဂျပန် မဟာမိတ် ဆက်ဆံရေးကို ခိုင်မာအောင် လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံ အပေါ် အထူးသဖြင့် ထိုင်ဝမ်ကိစ္စ နဲ့ ပတ်သက်ပြီး ပြင်းထန် တဲ့ သဘောထားကို ကိုင်စွဲထားကာ၊ တရုတ်ရဲ့ နယ်မြေ ချဲ့ထွင်လိုမှုကို မလိုလားတဲ့ ဂျပန် ပြည်သူ အများစု သဘောထား နဲ့ သူမ သဘောထား အတူတူ ဖြစ်နေပါတယ်။

ref: themorningvoice

—————-

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *