မတ်လ ၁ – ၂၀၂၆
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အပြင်းအထန် တိုက်ခိုက်မှုကို လက်စားချေတဲ့ အနေနဲ့ အီရန်က ဒေသတွင်းကို ပြန်လည်တိုက်ခိုက်ခဲ့ရာ ဒူဘိုင်းက ဇိမ်ခံဟိုတယ်တစ်ခု ထိမှန်ခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု UAE ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဒူဘိုင်းက Fairmont The Palm ဟိုတယ်မှာ စနေနေ့က မီးလောင်ကျွမ်း နေတာကို ဗီဒီယိုမှတ်တမ်းတွေမှာ မြင်တွေ့ရပါတယ်။
ကောင်းကင်ယံမှာလည်း မည်းမှောင်နေတဲ့ မီးခိုးလုံးကြီးတွေ တက်နေခဲ့ပါတယ်။
Palm Jumeirah ဧရိယာက အဆောက်အဦး တခု မီးလောင်မှုကြောင့် လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အရာရှိတွေက ပြောပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါ။
အမေရိကန် စစ်စခန်းတွေရှိရာ ကာတာ၊ ဘာရိန်း၊ ဂျော်ဒန်နဲ့ ကူဝိတ် နိုင်ငံတွေ ကလည်း သူတို့ဆီ အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့မှာတော့ ဒေသတွင်း အကြီးဆုံး အမေရိကန်ရဲ့ al-Udeid လေတပ် စခန်းကို ပစ်မှတ်ထားတဲ့ ဒုံးကျည် အတော်များများကို ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ကာတာ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဘာရိန်းနိုင်ငံ မာနာမာမြို့ က အမေရိကန်ရဲ့ ပဥ္စမမြောက်ရေတပ်စု Fifth Fleet ဌာနချုပ် အနီးက နေရာတခုမှာတော့ မီးခိုးလုံးကြီးတွေ တက်နေတာကို မြင်တွေ့ရပါတယ်။
ကူဝိတ်နိုင်ငံမှာလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပစ်မှတ် ထားတဲ့ ဒရုန်းကြောင့် ဝန်ထမ်း အချို့ ဒဏ်ရာရခဲ့ကာ လေဆိပ် အဆောက်အဦ အနည်းငယ် ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန က ဆိုပါတယ်။
—————————
THN Public Media
