နိုင်ငံရေး

တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အား မသုံးဘဲ မဟာမိတ်နည်းလမ်း ဖြင့်သာ ဖြေရှင်းကြရန် တော်လှန်ရေးအင်အားစုအသီးသီးမှ ထုတ်ပြန်ကြေညာချက်

ရက်စွဲ – မတ်လ (၁၀) ရက်/ ၂၀၂၆ ခုနှစ်

ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုအသီးသီးအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်အထိ တော်လှန်ရေးရေချိန်မှာ မြင့်မားခဲ့ပြီဖြစ်သည်။ အင်အားစုအချင်းချင်းကြား ညီညွတ်မှုကို ရှေ့တန်းတင်ကာ စစ်အာဏာရှင်တပ်များကို တိုက်ထုတ်နိုင်သည့် စစ်ရေးတိုက်ပွဲများကိုလည်း အောင်မြင်စွာ ဆင်နွှဲနိုင်သည်မှာ ဂုဏ်ယူအားတက်ဖွယ် ဖြစ်သည်။

သို့ရာတွင် တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချရေးကို မျက်နှာလွှဲ၍ မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ အချင်းချင်းကြား ရန်သူသကဲ့သို့ လက်နက်ကြီးငယ်နှင့် ခြိမ်းခြောက်ဖြေရှင်းခြင်း၊ လူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်ခြင်း စသည့် ရုပ်ဆိုးအကျည်းတန်သည့် လုပ်ရပ်များကိုလည်း တနေ့တခြား ပိုမိုတွေ့မြင်လာရသည်။

ကျွန်ုပ်တို့၏ ဘုံရန်သူမှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ ကျွန်ပ်တို့၏ ဘုံရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေး ဖြစ်သည်။ ထိုဘုံရန်သူကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများအားလုံးသည် တလှေတည်းစီး တခရီးတည်းသွားနေကြသော မဟာမိတ်များ ဖြစ်သည်။ မည်ကဲ့သို့သော ပဋိပက္ခများရှိစေကာမူ မဟာမိတ်အင်အားစုများ အချင်းချင်းကြား စစ်အင်အားဖြင့် ဖြေရှင်းခြင်းသည် ရန်သူအပေါ်သဘောထားနှင့် ဆင်တူနေသကဲ့သို့ လက်နက်အားကိုးဖြင့် ဖြေရှင်းရေးသည် စစ်ဝါဒီရန်သူ၏ နည်းလမ်းဖြစ်ကြောင်းကို သတိထားရမည်ဖြစ်သည်။

ထိုလုပ်ရပ်များသည် ပြည်သူလူထုနှင့် တော်လှန်ရေးတစုံလုံးအပါအဝင် မည်သည့်တော်လှန်ရေးအင်အားစုအတွက်မှ အကျိုးအမြတ်မရှိဘဲ ရန်သူ အမြတ်ထုတ်နိုင်ရန်သာ ထောက်ပံ့ပေးသည်။

အမှန်မှာ ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများသည် “မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားကာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရမည်ဖြစ်သော်လည်း လက်တွေ့အခြေအနေမှာမူ ဆန့်ကျင်ဘက်သာ ဖြစ်နေသည်။

ယခုဆိုလျှင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း စစ်ရေးတိုက်ပွဲများ၊ တဖက်အဖွဲ့အစည်းမှ သူများကို ခိုင်မာသည့် အကြောင်းပြချက် မရှိ ဖမ်းဆီးမှုများ၊ မိတ်ဖက်အင်အားစုအချင်းချင်း နိုင်ငံရေးအရ တန်းတူမဆက်ဆံမှုများ၊ တော်လှန်ရေးအဖွဲ့အစည်းများမှ လူထုအပေါ် လက်နက်အားကိုးနှိပ်စက်မှုများအား ခပ်စိတ်စိတ် တွေ့လာရသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် တော်လှန်အင်အားစုအချင်းချင်းနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး၊ စစ်ရေးအားကိုး၍ ဖြေရှင်းသည့် လုပ်ရပ်များအားလုံးကို ဆန့်ကျင်သည်။ ရန်ငါစည်းကို တိကျပြတ်သားစွာ သတ်မှတ်ထားပြီး ရန်သူကို တိုက်ချိန်တွင် မဟာမိတ်ချင်း ကျောချင်းကပ် ညှိနှိုင်းတိုင်ပင်ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် မဟာမိတ်များကြားပြဿနာကို အဖြေရှာသင့်သည်။

ပွင့်လင်းမြင်သာမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိသော လုပ်ဟန်များသည် ဘဝတူအဖွဲ့အစည်းများကြား အရေးပါသည့် ယုံကြည်မှုကို ပျက်ပြားစေရာ ရန်သူ့အကြိုက်လည်း ဖြစ်ပေသည်။ ထို့ကြောင့် မဟာမိတ်များကြားပြဿနာကို မဟာမိတ်နည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် စည်းရုံးရေးဆန်စွာ ဖြေရှင်းရန် တပါတည်း တိုက်တွန်းလိုသည်။

မည်သည့်အဖွဲ့အစည်းဝင်ဖြစ်နေကာမူ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစွာစစ်ဆေးတွေ့ရှိသူများကို ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများ မဖြစ်မနေလုပ်ဆောင်ရမည်။

သို့ရာတွင်လည်း တော်လှန်ရေးပုံရိပ်ကျမည်ကို စိုးရိမ်၍ ဖုံးဖုံးဖိဖိလုပ်ကြသည်ထက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်နှင့်အမျှ အပြစ်ပေးအရေးယူမှုကို အများသူငှာရှေ့တွင် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆို စီရင်ချက်ချသည်မှာ မှန်ကန်နည်းလမ်းနှင့် ဖြေရှင်းခြင်းဖြစ်သည်။

ထို့အပြင် စီရင်ဆုံးဖြတ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများအပြင် ပြည်သူလူထုထံသို့ ထိုက်သင့်သည့်အလျောက် ရှင်းလင်းချပြ အစီရင်ခံမှုပြုမှသာ လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိသည့် တရားစီရင်ရေးစနစ်တခုကို အကောင်အထည်ဖော်နိုင်မည်။

တော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့ အဖွဲ့အစည်းတရပ်အနေနှင့် လည်းကောင်း၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အင်အားစုများသည်လည်းကောင်း မဟာမိတ်ဆက်ဆံရေးဆိုင်ရာ မူဝါဒများကို မှန်ကန်စွာ ချမှတ်ပြီး အခိုင်အမာလိုက်နာရန် ကျွန်ုပ်တို့က ထပ်ဆောင်းတိုက်တွန်းလိုသည်။ တဖက်တွင်လည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား အင်အားကြီးသူ၊ ငယ်သူ ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးများအား ရှုတ်ချပြီး အချင်းချင်းကြား နိုင်ငံရေးအရ တန်းတူသည့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး ဘုံရည်မှန်းချက်အပေါ် အခြေခံသော တပ်ပေါင်းစုတရပ် ပေါ်ထွက်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်လည်း အလျှင်အမြန် လိုအပ်နေပြီ ဖြစ်သည်။

သို့မှသာ ထိုကဲ့သို့ မိတ်ဖက်အဖွဲ့များကြား စစ်ရေးဖြင့် ဖြေရှင်းသည့်လုပ်ဟန်များ၊ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်များ ပပျောက်နိုင်မည်ဖြစ်ပြီး ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် အမှန်အကန် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် အခြားမိတ်ဖက်အဖွဲ့အစည်းများအား ယခုထုတ်ပြန်ချက်မှတဆင့် အချက်(၃)ချက်အား တောင်းဆိုလိုက်သည်။

(၁) တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်

(၂) တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသည့် မူများအခြေခံပြီး

တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်

(၃) ပသုံးလုံးယန္တရား၏ လူထုအပေါ်ထိခိုက်နစ်နာစေသည့် လုပ်ဟန်များအား အမြန်ဆုံးဖြေရှင်းပေးရန်

“တပ်ပေါင်းစု၍ အတူရပ်၊ စစ်သုံးစစ်ကို အမြစ်ဖြတ်”

Arakan Youth Peace Network – AYPN

ASR-ASSOCIATION of SPRING RAINBOW

Chin Students’ Union of Myanmar

Defend Myanmar Democracy

Former ABSDF (Communication & Advisory)

India for Myanmar

Interim Basic Education Federal School Unions’ Representative Committee

MyaYar Knowledge Tree

New Generation Force – NGF

Save Myanmar SF

Alliance for Democracy in Myanmar

Anti Dictatorship in Burma DMVPA Area

Sisters2Sisters – S2S

Volunteers in Myanmar

Yangon Deaf Group

ကရင်နီပြည်လူငယ်များသမဂ္ဂ – UKSY

ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ – SURC

ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု – မကွေး

ကျောင်းသားအင်အားစုများကွန်ယက် – NSF

ကျောက်တံတားမြို့နယ်သပိတ်ကော််မတီ – KSC

ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ – KYSC

စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ – CDMUEW

ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး

စစ်ငြိမ်းပန်းဖောင်ဒေးရှင်း

တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး – PMYA

ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် – ABFSU

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – ABFTU

ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ်

ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ – ABWU

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

မြန်မာနိုင်ငံ သူနာပြုသားဖွားသင်တန်းကျောင်းများကျောင်းသားသမဂ္ဂအဖွဲ့ချုပ်

ယောလူထုတိုက်ပွဲကော်မတီ

ယိမ်းနွဲ့ပါး – Yain Nweh Par

ရခိုင်ကျောင်းသားများသမဂ္ဂ – ASU

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Y4B

ရန်ကုန်ဖက်ဒရယ်‌ကျောင်း ကျောင်းသားများသမဂ္ဂ – YFSSU

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

လွတ်လပ်သောလူငယ်များအစည်းအရုံး – IYO

သွေးစွန်း‌ငွေ – BMC

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ – GSC

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB

အခြားအမည်ဖော်ပြရန် အခက်အခဲရှိသော အဖွဲ့အစည်း (၂)ဖွဲ့

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *