မတ်လ ၁၂ – ၂၀၂၆
အီရန်နိုင်ငံ အားကစားနဲ့ လူငယ်ရေး ရာဝန်ကြီး Ahmad Donyamali က သူ့တို့ နိုင်ငံရဲ့ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေ မရှိတော့ ကြောင်း ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က IRIB အားကစား ရုပ်သံလိုင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ Ahmad Donyamali က “ဒီအကျင့်ပျက်အစိုးရ (အမေရိကန်) က ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အတွက်၊ ဘယ်လို အခြေအနေမျိုးမှာ မဆို ကမ္ဘာ့ဖလား ပါဝင်ယှဉ်ပြိုင်ဖို့ သင့်တော်တဲ့ အနေအထားမျိုး ကျွန်တော်တို့မှာ မရှိပါဘူး” လို့ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ ကစားသမားတွေဟာ ဘေးမကင်းသလို၊ ပြိုင်ပွဲဝင်ဖို့ အတွက် လိုအပ်တဲ့ အခြေအနေတွေလည်း မရှိပါဘူး။”
Donyamali က ဆက်ပြီး “ပြီးခဲ့တဲ့ ရှစ်လ၊ ကိုးလအတွင်း ကျွန်တော်တို့ အပေါ် စစ်ပွဲနှစ်ခု ဆင်နွှဲခဲ့ကြပြီး၊ ကျွန်တော်တို့ ပြည်သူ ထောင်ပေါင်း များစွာ အသတ်ခံရကာ အာဇာနည်ဖြစ်ခဲ့ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ လုံးဝ အကြောင်းမရှိပါဘူး” လို့ ဖြည့်စွက် ပြောကြားပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Mehdi Taj ရဲ့ အကြောင်းပြချက်ကတော့ တမျိုး ဖြစ်နေပါတယ်။
အီရန်အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်း က ကစားသမား ၆ ဦးဟာ သြစတြေးလျ နိုင်ငံမှာ သွားရောက် ကစားပြီးနောက် လူသားချင်း စာနာမှု ဆိုင်ရာ ဗီဇာတွေ ရရှိသွားခဲ့ခြင်းနဲ့ ပတ်သက်ပြီး Mehdi Taj က အခုလို ပြောကြားခဲ့ပါတယ်။ –
“အမျိုးသမီးဘောလုံးသမားတွေ အတွက် ဖန်တီးခဲ့တဲ့ ပြဿနာတွေကို ကြည့်မယ် ဆိုရင်၊ ကမ္ဘာ့ဖလားရဲ့ အလားအလာဟာ ဒီလိုမျိုးပဲ ဖြစ်နေမယ် ဆိုရင်တော့ ပုံမှန်အသိဉာဏ် ရှိတဲ့သူဟာ ဘောလုံးအသင်းကို အမေရိကန် ဆီ စေလွှတ်ဖို့ဆိုတာ လက်ခံမှာမဟုတ်ပါဘူး” လို့ ပြောသွားတာ ဖြစ်ပါ တယ်။
—————————
THN Public Media
