နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကတည်းက မိတ်ဆွေ ဖြစ်တယ်လို့ တရုတ်ပြော

ဧပြီ ၃၀ – ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကတည်းက မိတ်ဆွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Lin Jian က ပြောကြားလိုက်တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခြေအနေ ကိုလည်း ကျွန်တော်တို့ အမြဲတမ်း ဂရုတစိုက် ရှိနေပါတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ AFP သတင်းဌာနက မေးမြန်း ခဲ့တာကို Lin Jian က ဖြေကြားသွားတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်တွေကို ထုတ်ပြန် ပေးထားပြီး ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင်သူက မြန်မာနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံ အခြေအနေနဲ့ ကိုက်ညီမယ့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းတာကို တရုတ် နိုင်ငံက ထောက်ခံကြောင်း၊ မြန်မာနိုင်ငံက အဖွဲ့အစည်း အသီးသီး အနေနဲ့ ပိုမိုကျယ်ပြန့်ပြီး ခိုင်မာတဲ့၊ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့ ကိုလည်း တရုတ်နိုင်ငံက ထောက်ခံအားပေးပါတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *