စီးပွားရေး

အီရန်စစ်ပွဲကြောင့် မြေသြဇာ ပြတ်ပြီး တကမ္ဘာလုံး အစားအစာ ဆုံးရှုံးမှု အကြီးအကျယ် ရှိနိုင်

A 50-day-old rice field and a bag of urea fertilizer in Karangkerto Village, Malang, East Java, Indonesia, on April 30, 2026. (Photo by Aman Rochman/NurPhoto via Getty Images

မေလ ၁ – ၂၀၂၆

အီရန်စစ်ပွဲကြောင့် မြေသြဇာထောက်ပံ့မှုတွေ ပြတ်ကုန်ပြီး တကမ္ဘာလုံးမှာ တပတ်ကို အစားအစာ (ထမင်းနပ်ရေ) ၁၀ ဘီလီယံလောက် အထိ ဆုံးရှုံးနိုင်ခြေရှိနေတယ်လို့ ကမ္ဘာ့အကြီးဆုံး မြေသြဇာ ထုတ်လုပ်ရေး လုပ်ငန်းတခုရဲ့ အကြီးအကဲက သတိပေးပြောကြားလိုက်ပါတယ်။

မြေသြဇာထုတ်လုပ်တဲ့ Yara ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Svein Tore Holsether က အာရပ် ပင်လယ်ကွေ့ အတွင်း တိုက်ခိုက်မှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားက တဆင့် ကုန်စည် ပို့ဆောင်မှုတွေ ရပ်တန့် နေပြီး ဒါဟာ ကမ္ဘာ့စား နပ်ရိက္ခာ ထုတ်လုပ်မှုကို ခြိမ်းခြောက်နေတယ်လို့ ပြောကြားပါတယ်။

မြေသြဇာ အသုံးနည်းသွားတာကြောင့် သီးနှံအထွက်နှုန်းတွေ ကျဆင်းလာရင် စားနပ်ရိက္ခာတွေ အတွက် ဈေးပြိုင်လုဝယ်ရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။

ဥရောပနိုင်ငံတွေ အနေနဲ့ ဒီလိုဈေးနှုန်းတိုက်ပွဲတွေ ဖြစ်လာရင် တခြား ချို့တဲ့ တဲ့ နိုင်ငံတွေ အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ ဆိုတာကို သေသေချာချာ စဉ်းစားကြဖို့ သူက တိုက်တွန်းထား ပါတယ်။

ယူကေနိုင်ငံ အနေနဲ့တော့ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့ရဖို့ မရှိသလောက် ဖြစ်ပေမဲ့ ထုတ်လုပ်မှု စရိတ်တွေ မြင့်တက်လာတာကြောင့် လာမယ့်လအနည်းငယ်အတွင်းမှာ အစား အသောက် စရိတ်တွေ ပိုတက်လာဖို့ ရှိနေပါတယ်။

လက်ရှိအခြေအနေတွေကြောင့် ကမ္ဘာပေါ်မှာ နိုက်ထရိုဂျင် မြေသြဇာ တန်ချိန် ငါးသိန်းလောက် အထိ ထုတ်လုပ်နိုင်စွမ်း လျော့ကျနေပြီလို့ Holsether က ဆိုပါတယ်။

ဒါဟာ စားနပ်ရိက္ခာထုတ်လုပ်မှု အတွက် မြေသြဇာမလုံလောက်မှုကြောင့် အပတ်စဉ် အစားအစာ (ထမင်းနပ်ရေ) ၁၀ ဘီလီယံလောက် ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။

သီးနှံတချို့အတွက် နိုက်ထရိုဂျင် မြေသြဇာကို မသုံးစွဲဘူးဆိုရင် ပထမ ရာသီမှာတင် သီးနှံ အထွက်နှုန်း ၅၀ ရာခိုင်နှုန်းလောက် အထိ ကျဆင်းသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

မြေသြဇာဈေးကွက်ဟာ တကမ္ဘာလုံးနဲ့ ချိတ်ဆက် နေတာဖြစ်လို့ အာရှ၊ အရှေ့တောင်အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိကနိုင်ငံတွေမှာ အဆိုးရွားဆုံး သက်ရောက်မှုတွေကို အရင်ဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အာဖရိကတိုက် ဆဟာရ ဒေသက နိုင်ငံတွေလိုမျိုး မြေသြဇာ အနည်းငယ်သာ သုံးနိုင်တဲ့ နေရာတွေ မှာတော့ သီးနှံထွက်နှုန်း သိသိသာသာ လျော့ကျသွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

အာရှမှာတော့ မြေသြဇာပြတ်လပ်မှုရဲ့ နောက်ဆက်တွဲ ရလဒ်တွေ ကိုတော့ အခု နွေဦးမှာ အထွက် နည်းလို့ နှစ်ကုန်ပိုင်း လောက်ကျရင် စျေးနှုန်းတွေမှာ စတင်တွေ့မြင်ရမှာဖြစ်တယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။

စင်ကာပူနိုင်ငံက စားနပ်ရိက္ခာ ဖူလုံရေး ဆိုင်ရာ ပါမောက္ခ Paul Teng ကတော့ တချို့နိုင်ငံတွေမှာ လက်ရှိ စိုက်ပျိုးရာသီ အတွက် မြေသြဇာလုံလောက်နိုင်ပေမဲ့ အကျပ်အတည်းက ကြာရှည် သွားမယ်ဆိုရင် လာမယ့်လတွေမှာ ဆန်စပါးလို သီးနှံတွေ အပေါ် သက်ရောက်မှုရှိလာမယ်လို့ ပြောပါတယ်။

လယ်သမားတွေဟာ လောင်စာဆီဈေးနဲ့ တခြားသွင်းအားစု စရိတ်တွေ တက်နေပေမဲ့ သူတို့ ရောင်းရတဲ့ သီးနှံဈေးက လိုက်မတက် သေးတာကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Holsether က ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ယူရီးယား၊ ပိုတက်ရှ်၊ အမိုးနီးယားနဲ့ ဖော့စဖိတ် စတဲ့ ကမ္ဘာ့မြေသြဇာ သုံးပုံတပုံ လောက်ဟာ ပုံမှန်အားဖြင့် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသယ်ယူရတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲစတင်ချိန်က စလို့ ဓါတ်မြေသြဇာဈေးနှုန်းဟာ ၈၀ ရာခိုင်နှုန်းလောက် အထိ ထိုးတက်သွားခဲ့ပါတယ်။

ပဋိပက္ခတွေ ဆက်ဖြစ်နေမယ်ဆိုရင် ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကြား အစားအစာ အတွက် ဈေးပြိုင်လုဝယ်ရတဲ့ အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့ Holsether က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဥရောပနိုင်ငံတွေ အနေနဲ့ အစားအစာတွေကို ဈေးကြီးပေးပြီး ဝယ်နိုင်စွမ်းရှိပေမဲ့ အဲဒီလိုဝယ်ယူ လိုက်ရင် ဆင်းရဲတဲ့ နိုင်ငံတွေက အစားအစာကို လုယူသလိုဖြစ်သွားမမယ် ဆိုတာ သတိထား သင့်တယ်လို့ သူက ဆိုပါတယ်။

ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ချို့တဲ့သူတွေ အတွက် အစားအစာ ဝယ်ယူနိုင်စွမ်းမရှိတော့ဘဲ အမြင့်ဆုံး ပေးဆပ်ရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါဟာ အစားအစာ ဈေးကြီးတာ၊ ပြတ်လပ်တာနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ အပေါ်မှာ အကျိုး သက်ရောက်မှုတွေ ရှိလာမှာဖြစ်ကြောင်း Yara ကုမ္ပဏီ အကြီးအကဲက ပြောပါတယ်။

ယူကေမှာတော့ လာမယ့် ဒီဇင်ဘာလ လောက်မှာ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုဟာ ၁၀ ရာခိုင်နှုန်း အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အင်္ဂလန်ဘဏ် ကလည်း စက်တင်ဘာလမှာ စားသောက်ကုန် ဈေးနှုန်းတွေ ၄.၆ ရာခိုင်နှုန်း တက်နိုင်ပြီး နှစ်ကုန်ပိုင်းမှာ ပိုတက် လာနိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ခန့်မှန်းချက်အရ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ ကြောင့် ၂၀၂၆ ခုနှစ်မှာ လူပေါင်း ၄၅ သန်းလောက်ဟာ အငတ်ဘေးနဲ့ ထပ်မံ ရင်ဆိုင်ရနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသမှာတော့ စားနပ်ရိက္ခာ မလုံလောက်မှုဟာ ၂၄ ရာခိုင်နှုန်း အထိ မြင့်တက် လာနိုင်ပြီး ဒါဟာ တခြားဒေသတွေ ထက်စာရင် အများဆုံး မြင့်တက်လာမယ့်နှုန်းလည်း ဖြစ်ပါတယ်။

Ref: bbc

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *