မေလ ၂၆ – ၂၀၂၆
အမေရိကန်ဟာ အီရန်တောင်ပိုင်းက ဒုံးကျည်စခန်းတွေနဲ့ ပင်လယ်ထဲမှာ မိုင်းထောင်ဖို့ ကြိုးစားနေတဲ့ အီရန် လှေတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှု အသစ်တွေကို တနင်္လာနေ့က လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ “မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့” လုပ်ဆောင် ခဲ့တာဖြစ်ပြီး “အီရန်တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကနေ ကျွန်တော်တို့ရဲ့ စစ်သားတွေကို အကာအကွယ်ပေးဖို့” ရည်ရွယ်တာဖြစ်တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် Centcom ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC ကတော့ သူတို့ဟာ အီရန် လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာတဲ့ အမေရိကန် ဒရုန်းတစင်းကို ပစ်ချခဲ့သလို၊ တိုက်လေယာဉ် တစင်းနဲ့ နောက်ထပ် ဒရုန်းတစင်းကိုလည်း ပစ်ခတ် မောင်းထုတ် ခဲ့တယ်လို့ အင်္ဂါနေ့မှာ နိုင်ငံပိုင် မီဒီယာက တဆင့် ပြောပါတယ်။
ဒါပေမဲ့ ဒါက ဘယ်အချိန်မှာ ဖြစ်ခဲ့တာလဲဆို တာကိုတော့ အသေးစိတ် မပြောပါဘူး။
ဒါ့အပြင် အမေရိကန်ဘက်က အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်လာတဲ့ ဘယ်လို လုပ်ရပ်ကိုမဆို ပြန်လည်တုံ့ပြန်ဖို့ အီရန်မှာ “တရားဝင် သေချာပေါက်” လုပ်ပိုင်ခွင့်ရှိတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
“အီရန်တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှု ကနေ ကျွန်တော်တို့ရဲ့ စစ်သားတွေကို ကာကွယ်ဖို့ အတွက် အမေရိကန် တပ်ဖွဲ့တွေဟာ ဒီနေ့ အီရန် တောင်ပိုင်း မှာ မိမိကိုယ်ကို ခုခံကာကွယ်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ ပါတယ်” လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ကပ္ပတိန် Tim Hawkins က တနင်္လာနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
“အမေရိကန် ဗဟိုစစ်ဌာနချုပ်အနေနဲ့ အခုလက်ရှိ အပစ်ရပ်ထားတဲ့ ကာလ အတွင်းမှာ စိတ်ရှည်သည်းခံမှုကို သုံးနေရင်းနဲ့ပဲ ကျွန်တော်တို့ တပ်ဖွဲ့တွေကို ဆက်လက်ကာကွယ်သွားမှာပါ” လို့ ဆိုပါတယ်။
နယူးယောက်တိုင်းမ် သတင်းစာရဲ့ အဆိုအရ ကပ္ပတိန် Hawkins က အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ဟော်မုဇ် ရေလက်ကြားမှာရှိတဲ့ အီရန် ရေတပ် စခန်းအခြေစိုက်ရာ တောင်ပိုင်းဆိပ်ကမ်းမြို့ Bandar Abbas အနီးက နေရာတခုကို ပစ်မှတ် ထားခဲ့တာလို့ ပြောပါတယ်။
အီရန်နိုင်ငံပိုင် မီဒီယာတွေ ကလည်း Bandar Abbas မြို့ထဲမှာ ပေါက်ကွဲ သံတွေ ကြားရပြီးတဲ့နောက် ဒေသခံ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးမှု တွေ လုပ်နေတယ်လို့ အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ အီရန်ကြား ဖြစ်လာနိုင်ချေရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါ။
အမေရိကန်ရဲ့ တိုက်ခိုက်မှု အပြီးမှာတော့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သဘောတူညီချက်ရဖို့ ဖြစ်နိုင် သေးတယ်လို့ ပြောခဲ့ပြီး အင်္ဂါနေ့မှာ လုပ်မယ့် အီရန်ရဲ့ အဆင့်မြင့် ညှိနှိုင်းရေးမှူး၊ နိုင်ငံခြားရေး ဝန်ကြီး တို့နဲ့ ကာတာ ဝန်ကြီးချုပ်တို့ကြား ဆွေးနွေးပွဲ ရှိတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ တိုးတက်မှုတွေ ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ကနဦး စာရွက်စာတမ်းထဲက တိကျတဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံး အပြန်အလှန် ဆွေးနွေးစရာတွေ အများကြီး ရှိနေသေးတယ် လို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင့် ရက်ပိုင်းလောက် တော့ အချိန် ယူရဦးမှာပါ” လို့ အိန္ဒိယနိုင်ငံကို တရားဝင် ခရီးစဉ် ရောက်ရှိနေတဲ့ ဝန်ကြီး ရူဘီယိုက သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ဒီသဘောတူညီချက်ကို ဖြစ်မြောက် အောင် လုပ်ဖို့ “ဆန္ဒရှိကြောင်း ပြသထားတယ်” လို့ သူက ဆိုပါတယ်။
“သူကတော့ တကယ့်ကို ကောင်းမွန်တဲ့ သဘောတူညီချက်မျိုးပဲ လုပ်မှာပါ၊ မဟုတ်ရင်တော့ ဘာသဘောတူညီချက်မှ လုပ်မှာမဟုတ်ပါဘူး” လို့ ရူဘီယိုက ပြောပါတယ်။
တနင်္လာနေ့က တိုက်ခိုက်မှုတွေအကြောင်း နောက်ထပ် မေးမြန်းတဲ့အခါ မှာတော့ ရူဘီယိုက “ရေလက်ကြားကြီးကတော့ ပွင့်ကို ပွင့်နေရမယ်” လို့ ပြန်ဖြေပါတယ်။
“နည်းလမ်းတခု မဟုတ်ရင် တခြားနည်းလမ်းနဲ့ အဲဒီရေလက်ကြားက ပွင့်လာမှာပါ၊ ဖွင့်ဖို့ လိုအပ်ပါတယ်။”
အီရန်ရဲ့ ခေါင်းဆောင်ကြီး မိုဂျ်တာဘာ ခါမေနီ ကတော့ အရှေ့အလယ်ပိုင်း ဒေသဟာ “အမေရိကန်စခန်းတွေ အတွက် ဒိုင်းအဖြစ် နောက်ထပ် အဖြစ်ခံမှာ မဟုတ်တော့ဘူး” လို့ ပြောလိုက်ပါတယ်။
သူက “အမေရိကန်ဟာ ဒေသတွင်းမှာ မကောင်းမှုတွေလုပ်ဖို့ ခိုလှုံရာ နေရာနဲ့ စစ်စခန်းတွေ ဆောက်ခွင့် မရှိတော့တဲ့ အပြင်၊ သူတို့ရဲ့ အရင်က ရရှိထားတဲ့ အဆင့်အတန်း ကနေလည်း တရက်ထက်တရက် ပိုပြီး ဝေးကွာ သွားနေပြီ ဖြစ်ပါတယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
–
