မေလ ၂၈ – ၂၀၂၆
စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ နဲ့ အပြောင်းအလဲ လုပ်ပြီး တပ်ချုပ်ကနေ သမ္မတ ဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ရာထူး လက်ခံပြီး နောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် မကြာခင်မှာ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။
တနင်္ဂနွေနေ့မှာ သွားရောက်မယ်လို့ မျှော်လင့်ရတဲ့ သူရဲ့ ခရီးစဥ်ဟာ ဒေသတွင်း လုံခြုံရေးနဲ့ နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲနေတဲ့ အချိန်မှာ သွားရောက်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ အိန္ဒိယနဲ့ မြန်မာကြား အရေးပါတဲ့ သံတမန်ရေးရာ ဆက်ဆံမှု တခု ဖြစ်လာဖို့ ရှိနေပါတယ်။
ဒီလို သွားရောက်ဖို့ စီမံနေတဲ့ ခရီးစဉ်ဟာ အိန္ဒိယ အနေနဲ့ အထူးသဖြင့် နယ်စပ်လုံခြုံရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေး ကိစ္စရပ် တွေမှာ မြန်မာနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားချိန်မှာ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အရှေ့မြောက် ဒေသနဲ့ ရှည်လျားပြီး ထိလွယ် ရှလွယ် နယ်စပ်ချင်း ထိစပ်နေတာကြောင့် လုံခြုံရေးနဲ့ အခြေခံ အဆောက် အအုံပိုင်း ပူးပေါင်း ဆောင်ရွက်မှုဟာ နှစ်နိုင်ငံလုံးအတွက် အရေးပါနေ ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာယူပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ ဆက်ဖြစ် နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့် မှုတွေကြောင့် ဒီခရီးစဉ်ဟာ ဒေသတွင်းမှာ အထူး အာရုံစိုက်စရာ ဖြစ်လာဖို့ ရှိနေပါတယ်။
ဒါ့အပြင် ကြီးမားတဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ ရှိနေပေမဲ့လည်း နယူးဒေလီ နဲ့ နေပြည်တော်ကြား သံတမန်ရေးအရ ဆက်စပ် ဆောင်ရွက်မှုတွေ ဆက်ရှိ နေတယ်ဆိုတာကိုလည်း ပြသရာ ရောက်ပါတယ်။
နယူးဒေလီမှာ ရှိတဲ့ မြန်မာ့အရေး ဆောင်ရွက်သူတွေကတော့ သူ့ခရီးကို အကြီးအကျယ် ကန့်ကွက် ဆန္ဒပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Ref: StratNews Global
—————————
THN Public Media
