နိုင်ငံတကာ

အိဒ် Eid ပွဲအတွက် ရောင်းချမယ့် ကျွဲ ဒေါ်နယ်ထရမ့်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ကယ်တင်

မေလ ၂၉ – ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထူးထူးဆန်းဆန်း ရုပ်ချင်း ဆင်တူ နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကျွဲတကောင်ဟာ အသတ်ခံရတော့မယ့် ဆဲဆဲ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေ ကြားဝင်ပြီး အသက်ကို ကယ်တင်လိုက်ပါတယ်။

ဒီကျွဲဖြူ လေးကို ဘာသာရေး အိဒ် Eid ပွဲတော် အတွက် ရောင်းချ လိုက်ပြီးတဲ့ နောက်မှာ ဒီကျွဲကို မသတ်ဖို့ အစိုးရ တာဝန်ရှိသူတွေက တားမြစ် လိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Salabuddin Ahmed က ဒီကျွဲကို မသတ်ဘဲ ချန်ထားဖို့ အမိန့်ပေးခဲ့ သလို ဝယ်ယူထားတဲ့သူကိုလည်း နစ်နာကြေး ပြန်ပေးခဲ့ပါတယ်။

အခုဆိုရင် “ဒေါ်နယ်ထရမ့်” လို့ နာမည်ပေးထားတဲ့ အဲဒီကျွဲလေးကို မြို့တော် ဒါကာမှာရှိတဲ့ အမျိုးသား တိရစ္ဆာန်ရုံဆီ ပြောင်းရွှေ့ပေးလိုက် ပါပြီ။

ဝန်ကြီးဌာန အရာရှိက “နောက်ဆုံးအချိန်ကျမှပဲ လုံခြုံရေးအရ စိုးရိမ်ရတာ တွေရယ်၊ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု ကလည်း ပုံမှန်ထက် ထူးထူး ခြားခြား မြင့်တက်နေတာ တွေရယ်ကြောင့် ဒီကျွဲကို ယဇ်ပူဇော်မယ့် ဘေးကနေ ချန်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောပါတယ်။

ဒီကျွဲလေးရဲ့ ဗီဒီယိုဖိုင်တွေ အင်တာနက်ပေါ် ပြန့်သွားပြီးတဲ့နောက် သူနေထိုင်တဲ့ ခြံဝင်းထဲကို လူအုပ်ကြီးက စတင် စုရုံးလာခဲ့ ကြတာကြောင့် အွန်လိုင်းမှာ အရမ်းခေတ်စားသွားခဲ့တာပါ။

ခေါင်းပေါ်မှာ ထူးထူးဆန်းဆန်း ရွှေဝါရောင် ဆံပင်ပုံစံ ပေါက်နေတာ ကြောင့် “ဒေါ်နယ်ထရမ့်” လို့ နာမည်ပြောင် ပေးထားတဲ့ ဒီကျွဲလေးဟာ အွန်လိုင်းပေါ်မှာ တကယ့်ကို နာမည်ကြီး လူကြိုက်များသွားခဲ့ပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ ရွှေဝါရောင် ဆံပင်စုလေးကို ကိုယ်တိုင်မြင်ချင်ကြလို့ ခရီးဝေးကြီးကနေ လာရောက်ကြည့်ရှုကြသူတွေလည်း ရှိပါတယ်။

ကျွဲပိုင်ရှင်ရဲ့ သူ့ညီဖြစ်သူက ဒီကျွဲလေးကို ကြည့်ပြီး ခေါင်းမာတဲ့ ရစ်ပတ်ဘလီကန် ပါတီက ထရမ့်နဲ့ တူတယ်လို့ သတိပြုမိသွားရာ ကနေ အမေရိကန် သမ္မတကို အစွဲပြုပြီး နာမည်ပေးခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော့်ညီက ကျွဲရဲ့ခေါင်းပေါ်က ဆံပင်တွေကို မြင်ပြီး ဒေါ်နယ်ထရမ့် လို့ နောက်ပြောင်ပြီး နာမည်ပေးခဲ့တာပါ။ အကျင့်စရိုက် ကတော့ အရမ်းအေးဆေးပါတယ်။ ယေဘုယျအားဖြင့် ကျွဲဖြူတွေက ငြိမ်းချမ်း ကြပြီး ရန်မစမချင်း ရန်လိုတတ်တဲ့ အကောင်တွေ မဟုတ်ပါဘူး” လို့ ကျွဲပိုင်ရှင်က အရင်က ပြောခဲ့ပါတယ်။

“ကျွဲရဲ့ ရုပ်သွင်ပြင်တွေက သမ္မတ ဒေါ်နယ်ထရန့်နဲ့ တကယ့်ကို ဆင်တူတာ ပါပဲ” လို့ ဆွေမျိုးတွေ၊ သူငယ်ချင်း ၅ ယောက်နဲ့ အတူ လာကြည့်တဲ့ ပရိသတ် တဦးကလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျွဲဖြူတွေက ရှားပါးပြီး အများစုကတော့ အမည်းရောင်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ထူးခြားတဲ့ အရောင် အသွေးကြောင့်ပဲ နိုင်ငံတွင်း အိဒ် Eid ပွဲတော်ရဲ့ တိရစ္ဆာန် အရောင်းအဝယ် ရာသီမှာ တခြားကျွဲတွေ ထဲကနေ ထူးထူးခြားခြား ထင်ပေါ်နေခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ Eid al-Adha ပွဲတော်အတွင်း တနှစ်ကို တိရစ္ဆာန် အမြောက်အမြား သတ်ဖြတ်တဲ့ နိုင်ငံအဖြစ် လူသိများပြီး နှစ်စဉ် တိရစ္ဆာန်ကောင်ရေ သန်းနဲ့ချီ သတ်ဖြတ်လေ့ရှိပါတယ်။

ဒါပေမဲ့ ပြည်တွင်း မီဒီယာတွေရဲ့ အဆိုအရ ဒီနှစ်မှာတော့ တိရစ္ဆာန် စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပွဲတော်တွင်း သတ်ဖြတ်မှု အရေအတွက် လျော့နည်းသွားတယ်လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *