ဇွန် ၈ – ၂၀၂၆
ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်း ကမ်းလွန်မှာ ပြင်းအား ရစ်ခ်ျတာ စကေး ၇.၈ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့လို့ လူပေါင်း အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသစံတော်ချိန် တနင်္လာနေ့ မနက် ၇ နာရီ ၃၇ မိနစ် မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတွေမှာ ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီသတိပေးချက်အချို့ကိုတော့ နာရီပိုင်းအကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ ပါတယ်။
ဗီဒီယိုမှတ်တမ်းတွေနဲ့ ဓာတ်ပုံတွေထဲမှာ အဆောက်အဦးတွေ ပြိုကျ ပျက်စီး နေတာကို တွေ့ရပြီး Jollibee အမြန်စာ ရောင်းတဲ့ ဆိုင်တဆိုင် ပြိုကျပျက်စီးသွားတဲ့ ရုပ်သံဖိုင်လည်း ပါဝင်ပါတယ်။
တောင်ပိုင်း ပြည်နယ် အတော်များများကို သက်ရောက်ခဲ့ပြီး လူပေါင်း အနည်းဆုံး ၁၃၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတဦးက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကောင်စီ အေဂျင်စီရဲ့ တရားဝင်စာရင်း ဇယားတွေဟာ ပုံမှန်အားဖြင့် ဖြစ်စဉ်ဖြစ်ပွားပြီး တရက်အကြာမှာ ထွက်ပေါ်လာလေ့ရှိပါတယ်။
သူတို့ဟာ ရဲတပ်ဖွဲ့၊ ဒေသခံတာဝန်ရှိသူတွေနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး အေဂျင်စီတွေ အပါအဝင် အရင်းအမြစ်အသီးသီးက ပေးပို့လာတဲ့ ကိန်းဂဏန်း အားလုံးကို စုစည်းတွက်ချက်တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ကတော့ အေဂျင်စီတွေ အနေနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။
“နိုင်ငံတော် အစိုးရက အမြန်ဆုံး လှုပ်ရှားဆောင်ရွက်နေပြီး မင်ဒါနာအို ဒေသကို ကျွန်တော်တို့ ပစ်ပယ်ထားမှာ မဟုတ်ပါဘူး” လို့ သူက ကတိပြုခဲ့ ပါတယ်။
ဒါ့အပြင် မားကို့စ်ဟာ ငလျင်ဒဏ်သင့် ဒေသတွေမှာ စာသင်ကျောင်းတွေ ရပ်နားထားဖို့ အမိန့်ပေးခဲ့ပြီး အခုငလျင်ဟာ ဖိလစ်ပိုင်ရဲ့ စာသင်နှစ် ပထမဆုံးရက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
Davao Occidental ပြည်နယ်ရှိ မူလတန်းကျောင်း တကျောင်းက တင်ထားတဲ့ ဗီဒီယိုတခုထဲ မှာတော့ ထိတ်လန့်တုန်လှုပ်နေတဲ့ ကျောင်းသူ ကျောင်းသား ကလေးတွေဟာ ကျောင်းအပြင် မြေကွက်လပ်မှာ ထိုင်နေ ကြတာကို တွေ့ရပါတယ်။
ဗီဒီယိုထဲမှာပဲ သူတို့ရဲ့နောက်ကွယ်က သွပ်မိုးထားတဲ့ အရိပ်ခိုနေရာ တခု ပြိုကျသွားတာကိုလည်း တွေ့ရပေမယ့် ဘယ်သူမှ ဒဏ်ရာ ရရှိခြင်း မရှိဘူးလို့ အဲဒီကျောင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပြင်းအား ၁.၃ မှ ၆.၇ အထိရှိတဲ့ နောက်ဆက်တွဲငလျင် ပေါင်း ၁၃၀ ကျော်ကိုလည်း မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
Sarangani ကမ်းရိုးတန်းပြည်နယ်မှာတော့ ငလျင်ကြောင့် လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ ယာယီပြတ်တောက်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ကောင်းသွားပါတယ်။
ငလျင်ဗဟိုချက်နဲ့ နီးစပ်တဲ့ General Santos မြို့ဟာ ဖိလစ်ပိုင်ရဲ့ တူနာငါးမြို့တော် အဖြစ် လူသိများပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ နိုင်ငံရေးသမား ဖြစ်လာခဲ့တဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ မန်နီ ပက်ကီအို ရဲ့ ဇာတိမြေ အဖြစ်လည်း လူသိများပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ဘူမိဗေဒအရ မတည်ငြိမ်တဲ့ ငလျင်နဲ့ မီးတောင် အများဆုံးရှိရာ “မီးကွင်းဒေသ” ပေါ်မှာ တည်ရှိတာကြောင့် ငလျင်လှုပ်ခတ်မှုတွေဟာ အဆန်းတော့ မဟုတ်ပါဘူး။
ငလျင်အများစုဟာ အသေးစားတွေဖြစ်ပြီး တချို့ငလျင်တွေ ကတော့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ပြင်းထန်ခဲ့ပါတယ် – ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းကလည်း Visayas အလယ်ပိုင်းဒေသမှာ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့လို့ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ဖူး ပါတယ်။
တနင်္လာနေ့ မနက်ပိုင်း ငလျင်လှုပ်ခတ်ပြီး သိပ်မကြာခင်မှာပဲ ဂျပန်အာဏာပိုင် တွေက သူတို့ရဲ့ ကမ်းရိုးတန်းတွေဆီ အမြင့်တမီတာရှိတဲ့ ဆူနာမီလှိုင်းတွေ ရောက်ရှိလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
အိုကီနာဝါ တောင်ပိုင်းခရိုင်မှာတော့ စင်တီမီတာ အနည်းငယ်သာရှိတဲ့ ဆူနာမီလှိုင်းကို တွေ့ရှိခဲ့ရပြီး အလှမ်းဝေးကွာတဲ့ အိုဂါဆာဝါရာကျွန်းစုတွေ မှာတော့ ၂၀ စင်တီမီတာ ရှိတဲ့ လှိုင်းကို တိုင်းတာရရှိခဲ့တယ်လို့ အာဏာပိုင်တွေ က ဆိုပါတယ်။
အင်ဒိုနီးရှား၊ ပလောင်းနဲ့ ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးတန်းတလျှောက် နေရာအတော် များများမှာလည်း လှိုင်းတွေကို တွေ့ရှိခဲ့ရပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အဲဒီ လှိုင်းတွေရဲ့ အမြင့်ဟာ စင်တီမီတာ အနည်းငယ်ကနေ ၁.၄ မီတာ (၄.၆ ပေ) အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ref: bbc
photo: getty
—————————
THN Public Media
