နယ်သာလန် ၂-၂ ဂျပန်
ဇွန် ၁၄ – ၂၀၂၆
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု F က နယ်သာလန်နဲ့ ဂျပန်တို့ ရဲ့ ဒါးလပ်စ် ကွင်းကြီးထဲ ယှဥ်ပြိုင်မှုဟာ တဘက်နဲ့တဘက် အပြန်အလှန် တိုက်စစ်ဆင် မှုတွေနဲ့ အတူ တော်တော်လေးကို ကြည့်ကောင်းတဲ့ ပွဲဖြစ်ခဲ့ပါတယ်။
ပထမပိုင်းမှာ နယ်သာလန်အသင်းက ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်း မှာတော့ နှစ်သင်းစလုံး အကြိတ်အနယ် ရှိခဲ့တာပါ။
ပထမပိုင်း ၄၅ မိနစ် မှာ နယ်သာလန်အသင်းက ပိုပြီးခြေစွမ်းပြနိုင်ခဲ့ကာ တိုက်စစ်မှူး Donyell Malen အနေနဲ့ ဦးဆောင်ဂိုး ရစေမယ့် အပိုင် အခွင့်အရေးကြီး ၃ ကြိမ်အထိ ရခဲ့ပါတယ်။
ဒါပေမဲ့ ဂျပန်ဂိုးသမား ဇီယွန် ဆူဇူကီ ကတော့ ထိပ်တန်း လက်စွမ်း ပြနေပြီး သူ့ဆီ ရောက်လာတဲ့ ဂိုးကန်ချက် အများစုကို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ဂျပန် ကတော့ ပထမပိုင်းမှာ ကစားကွက် ရှာမတွေ့ဘဲ ရုန်းကန်ခဲ့ရပြီး Keito Nakamura ဂိုးပေါက်တည့်တည့် တကြိမ် ကန်သွင်းနိုင်ခဲ့ပေမယ့်
နယ်သာလန်ဂိုးသမား Verbruggen ရဲ့ ဝေးရာ တိုင်ဘေးကနေ ကပ်ပြီး နှမြောစရာ ကောင်းလောက်အောင် လွဲထွက်သွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ပွဲက ပိုပြီးမြို့ဆိုင် ပြင်းထန်လာပါတယ်။
ပွဲကစားချိန် မိနစ် ၅၀ မှာ Ryan Gravenberch ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အရပ်မြင့်လှတဲ့ နယ်သာလန် နောက်ခံလူ လီဗာပူး အသင်းခေါင်းဆောင် Virgil van Dijk က မနားတမ်း ခေါင်းတိုက် သွင်းယူပြီး နယ်သာလန် အတွက် အဖွင့်ဂိုးကို ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ၄ မိနစ်အကြာမှာပဲ ဂျပန်အသင်းက ချက်ချင်း တုံ့ပြန်ခဲ့ပြီး ကေတို နာကာမူရာ ရဲ့ ပြင်းထန်တဲ့ ကန်ချက်ဟာ နယ်သာလန် နောက်ခံလူ Jan Paul van Hecke နဲ့ ထိပြီး လမ်းကြောင်းပြောင်းကာ၊ Verbruggen ရဲ့ အနီးကပ်တိုင် အောက်ကနေ ဂိုးထဲကို ဝင်သွားခဲ့ပါတယ်။
အာရှအင်အားကြီး ဂျပန်အသင်း ကစားကွက်ပြန်မိလာပြီလို့ ထင်ရတဲ့ အချိန်မှာပဲ နယ်သာလန်တို့က အရှိန်ပြန်မြှင့်လာခဲ့ပါတယ်။
Ryan Gravenberch ရဲ့ နောက်ထပ် ဖန်တီးပေးမှု ကနေ Crysencio Summerville ဟာ ဂိုးဧရိယာရဲ့ ညာဘက် အစပ်ကနေ အတွင်းထဲကို ဆွဲဝင်ပြီး၊ ပွဲချိန် ၆၄ မိနစ်မှာ ဘယ်ဘက်အောက် ထောင့်ထဲကို လှလှပပ ကန်သွင်းယူကာ နယ်သာလန် အတွက် နောက်တကြိမ် ဦးဆောင်ဂိုး ရရှိစေခဲ့ ပါတယ်။
ဆာမူရိုင်း အပြာ (ဂျပန်) အသင်းဟာ မျှော်လင့်ချက် မပျက်ဘဲ ချေပဂိုးရဖို့ ဆက်တိုက် ဖိအားပေးကစားခဲ့ပါတယ်။
ပွဲချိန် ၈၉ မိနစ်မှာတော့ သူတို့ရဲ့ ကြိုးစားမှုက အရာထင်ခဲ့ပြီး ကိုကီ အိုဂါဝါ ရဲ့ ခေါင်းတိုက်ချက်ဟာ သူ့ရဲ့ အသင်းဖော် Daichi Kamada နဲ့ မတော်တဆ ထိမိသွားခဲ့ ပေမဲ့၊ ဂိုးသမား Verbruggen အသည်းအသန် ကာကွယ် နေတဲ့ ကြားကပဲ ဂိုးကွက်ထဲကို အမိအရ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
—————————
THN Public Media
–
