ဇွန် ၁၇ – ၂၀၂၆
မနေ့က ဆီနီဂေါ ကို ၃ဂိုး ၁ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲမှာ ကီလီယန် အမ်ဘာပေ က ၂ ဂိုး သွင်းယူခဲ့တာကြောင့် အခုဆိုရင်သူဟာ ပြင်သစ် အတွက် စုစုပေါင်း သွင်းဂိုး ၅၈ ဂိုးနဲ့ ဂိုးအများဆုံး ရရှိထားသူ အဖြစ် သမိုင်းဝင် သွားပြီ ဖြစ်ပါတယ်။
သူဟာ အသက် ၂၇ နှစ်အရွယ်မှာတင် အရင် စံချိန်တင်ထားတဲ့ ဂျီရုဒ် ရဲ့ ၅၇ ဂိုး စံချိန်ကို ကျော်ဖြတ်ပြီး ပြင်သစ် အသင်းရဲ့ သမိုင်းတလျှောက် ဂိုး အများဆုံး သွင်းသူ ဖြစ်လာခဲ့တာပါ။
ပြင်သစ်နဲ့ ဆီနီဂေါပွဲမှာ ပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂျီရုဒ် က “ကီလီယန် ရေ ဂုဏ်ယူပါတယ်ဗျာ” လို့ ပြောခဲ့ပြီး “သူ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။
“ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်ပြီး အားလုံးကလည်း မျှော်လင့် ထားကြပြီးသား ပါ။ သူဟာ ပွဲထွက်ခွင့် အကြိမ်ရေနဲ့ သွင်းဂိုး မှတ်တမ်း စတဲ့ စံချိန်မှန် သမျှ အကုန်လုံးကို ချိုးသွားပါလိမ့်မယ်။ သူ ဂိုး ၁၀၀ အထိ အေးဆေး ရောက်သွား နိုင်သလို မီရိုဆလပ် ကလိုဆေး ရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး စံချိန် ကိုပါ ချိုးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ကမ္ဘာ့ဖလား တွေနဲ့ ပွဲကြီးပွဲကောင်း တွေမှာ အမြဲတမ်း ခြေစွမ်းပြလေ့ ရှိတယ်လေ” လို့ ဆိုပါတယ်။
အမ်ဘာပေ ရဲ့ ပြင်သစ်အသင်း အတွက် ၅၈ ဂိုးဆိုတဲ့ မှတ်တမ်းဟာ ၉၉ ပွဲ ကစားအပြီးမှာတင် ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့က သွင်းဂိုးကြောင့် သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ တွေမှာ ၁၃ ဂိုး အထိ ရှိလာခဲ့ပြီဖြစ်လို့ ၁၆ ဂိုးနဲ့ စံချိန် တင်ထားတဲ့ ဂျာမနီက ကလိုဆေး ရဲ့ နောက် ၃ ဂိုး အကွာကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။
“အသင်းဖော် အတော်များများက ကျွန်တော့်ကို သူ့အကြောင်း လာမေး ကြတယ်” လို့ ဂျီရုဒ် က ထပ်ပြောပါတယ်။ “ကျွန်တော့် အတွက်တော့ ဒါဟာ ရည်မှန်းချက်ကြီးမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါပဲ။
“သူဟာ ဘယ်ကို သွားချင်လဲဆိုတာ အတိအကျ သိတယ်၊ ခေါင်းဆောင် ကောင်း တယောက် ဖြစ်ပြီး… ငယ်ငယ်ကတည်းက အင်မတန်မှ ရဲရဲဝံ့ဝံ့ ရှိတာကို မြင်နိုင်ပါတယ်။ အသက်နဲ့ မမျှအောင်လည်း ရင့်ကျက်မှု ရှိတယ်။ သူဟာ အသင်းဖော်ကောင်း တယောက် ဖြစ်သလို၊ အံ့ဩစရာ ကောင်းတဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်၊ ကွင်းထဲမှာကော ကွင်းပြင်ပ မှာပါ တကယ့်ကို ပြည့်စုံတဲ့ ခေါင်းဆောင်တယောက်ပါပဲ” လို့ ပြောပါတယ်။
ပြင်သစ်ဘောလုံး ကျွမ်းကျင်သူ ဂျူလီယန် လောရန့်စ် ကတော့ အမ်ဘာပေ ဟာ ပြင်သစ်နိုင်ငံရဲ့ သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“သူ့အနေနဲ့ ပြစရာတွေ အများကြီး ကျန်သေးတယ်ဆိုပေမဲ့ လက်ရှိ အချိန်မှာ ရပ်ပြီး ကြည့်မယ် ဆိုရင်တော့ ဇီဒန်း နဲ့ မီရှဲ ပလာတီနီ တို့ ကတော့ ပြင်သစ်သမိုင်းမှာ အကောင်းဆုံး ကစားသမား နှစ်ယောက် အဖြစ် ဆက်ရှိနေဦးမှာပါ” လို့ လောရန့်စ် က ပြောပါတယ်။
“ဒါဟာ သူသွင်းခဲ့တဲ့ ဂိုးတွေကြောင့်တင် မဟုတ်ပါဘူး၊ အခု ကွင်းထဲမှာ ကပ္ပတိန် တယောက်အနေနဲ့ ပြသနေတဲ့ ခေါင်းဆောင်မှု၊ ၂၀၁၈ မှာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့မှုနဲ့ ၂၀၂၂ ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့မှုတွေ ကြောင့်လည်း ပါဝင်ပါတယ်။
“သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်ချိန်မှာတော့ သူဟာ နံပါတ်တစ် ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော် ဟောကိန်းထုတ်ရဲပါတယ်။ သူ့မှာ ဒီပွဲအပြီး နောက်ထပ် အနည်းဆုံး ကမ္ဘာ့ဖလား တကြိမ်နဲ့ ယူရိုပြိုင်ပွဲတွေ ကစားဖို့ ကျန်သေးတာမို့… သူဟာ ကျွန်တော်တို့ နိုင်ငံမှာ ရှိဖူးသမျှ အကြီးကျယ်ဆုံး ကစားသမား ဖြစ်လာဖို့ သေချာသလောက် ရှိပါတယ်ဗျာ” လို့ သုံးသပ်သွားခဲ့ပါတယ်။
—————————
THN Public Media
