နိုင်ငံရေး

TNLA နဲ့ စစ်တပ် အပစ်ရပ်၊ မိုးကုတ် နဲ့ မိုးမိတ်ကို စစ်တပ်လက် ပြန်အပ် ရမယ်

အောက်တိုဘာ ၂၉ – ၂၀၂၅ (အားတီ)

TNLA တအာင်းအဖွဲ့နဲ့ စစ်တပ်အကြား အပစ်အခတ် ရပ်စဲလိုက်ပြီ ဖြစ်ပြီး ၊ အပစ်ရပ်သဘောတူညီချက် အရမိုးကုတ်နဲ့ မိုးမိတ် မြို့တို့ကို စစ်တပ်လက် ပြန်အပ်ရမှာ ဖြစ်တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန်လိုက် ပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရဲ့ ဦး‌ဆောင်မှုနဲ့ ပြုလုပ်တဲ့ (၉) ကြိမ်မြောက် အပစ် အခတ် ရပ်စဲ‌ရေး ဆွေးနွေးပွဲမှာ အခုလို သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ ကြောင်း TNLA သတင်းနဲ့ ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထား ပါတယ်။

၉ ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို အောက်တိုဘာလ ၂၇-၂၈ နှစ်ရက်တာ ကျင်းပခဲ့တာ ဖြစ်ပြီး TNLA ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

PSLF/TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ “တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် ကြီး၏ ကြားဝင် စေ့စပ်ညှိနှိင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေး ညှိနှိင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး၊ သဘောတူသတ်မှတ်ထားသည့် ကာလ အတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည် ဆုတ်ခွါမည်ဖြစ်ပြီး၊ တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ (၀၀း၀၀)နာရီအချိန်မှ စတင်၍ နှစ်ဖက် ရောက်ရှိသည့် နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း “ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြောက်ပိုင်းညီနောင် မဟာမိတ်တွေ ဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ အာရက္ခတပ်တော် AA တို့ကနေ “၁၀၂၇” စစ်ဆင်ရေးကို စတင်ကာ ရှမ်းမြောက်ရှိ မြန်မာ-တရုတ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မြို့အများအပြားကို သိမ်းယူခဲ့ပြီး စစ်ရေး အရှိန်ဟော အညာဒေသ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့ အထိ ရိုက်ခက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တရုတ်ရဲ့ ကြားဝင်မှုနဲ့ MNDAA ထိန်းချုပ်နိုင်ခဲ့တဲ့ လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလကုန်မှာ စစ်တပ်လက် ပြန်အပ်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်ကနေ TNLA အပေါ် ထိုးစစ်အပြင်းအထန် ဆင်လာပြီး ဇူလိုင်လ အတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ အောက်တိုဘာ အစောပိုင်းမှာ သီးပေါမြို့တို့ကို TNLA က လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

အခု ၉ ကြိမ်မြောက်တွေ့ဆုံမှု အတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ ကို ထပ်မံ လက်လွှတ်ခဲ့ရတာပါ။

MNDAA အနေနဲ့ လက်ရှိ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် အဆင့်တခုမှာ သာရှိသေးပြီး စစ်မှတ်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အမြဲသတိ ရှိနေဖို့ နဲ့ ဗျူဟာကျကျ နားလည်နေဖို့ လိုအပ်ကြောင်း အောက်တိုဘာ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ MNDAA သင်တန်း ဆင်းပွဲတခုမှာ သတိပေး ပြောကြားထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *