နိုင်ငံတကာ

ကင်ညာနိုင်ငံကနေ ပုရွတ်ဆိတ်ဘုရင်မ အကောင်ရေ ၂၀၀၀ ကျော် ခိုးထုတ်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသားတဦး ဖမ်းဆီးခံရ

မတ်လ ၁၄ – ၂၀၂၆

ကင်ညာနိုင်ငံ မြို့တော် လေဆိပ်မှာ မြေပုရွက်ဆိတ်တမျိုးရဲ့ ပုရွက်ဆိတ် ဘုရင်မ အကောင် ၂၀၀၀ ကျော်ကို ပြည်ပ ခိုးထုတ်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား တဦး အဖမ်းခံလိုက်ရပါတယ်။

Zhang Kequn ဆိုသူ တရုတ်နိုင်ငံသားဟာ မြို့တော် နိုင်ရိုဘီ က အပြည်ပြည်ဆိုင်ရာလေဆိပ် JKIA မှာ လုံခြုံရေး စစ်ဆေးမှုကို ဖြတ်တဲ့ အချိန် သူ့ရဲ့ ခရီးဆောင် အိတ်ထဲမှာ သက်ရှိ ပုရွက်ဆိတ် အမြောက် အမြားကို အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တားဆီး ခံခဲ့ရ တာပါ။

သူ့အပေါ် စွပ်စွဲချက်တွေ ကိုတော့ သူက တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါ၊ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ကင်ညာမှာ ဖော်ထုတ် ဖျက်သိမ်းခဲ့တဲ့ ပုရွက်ဆိတ် မှောင်ခိုဂိုဏ်းနဲ့ သူဟာ ဆက်နွှယ်နေသူ ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးသူ တွေက တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

ဒီပုရွက်ဆိတ်တွေဟာ နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲ သဘောတူ စာချုပ်တွေ အရ အကာအကွယ် ပေးထားတဲ့ အမျိုးအစားတွေဖြစ်ပြီး၊ သူတို့ကို ရောင်းဝယ် ဖောက်ကားမှု အပေါ် အလွန်တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

သိပ္ပံအမည်အရ Messor cephalotes လို့ ခေါ်တဲ့ ဒီ မြေပုရွက်ဆိတ်တွေကို ဥရောပနဲ့ အာရှက ပုရွက်ဆိတ် မွေးမြူသူတွေက အိမ်မွေး တိရစ္ဆာန်အဖြစ် ထားရှိ လိုကြတာကြောင့် ဝယ်လိုအား မြင့်တက်နေတယ်လို့ ကင်ညာ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးဌာန KWS က ပြီးခဲ့တဲ့နှစ်မှာ သတိပေး ထားပါတယ်။

Zhang Kequn ဟာ ပုရွက်ဆိတ်တချို့ကို ဖန်ပြွန်ချောင်းလေးတွေထဲမှာ ထည့်ထားသလို၊ တချို့ကိုတော့ သူ့အိတ်ထဲက တစ်ရှူး လိပ်တွေထဲမှာ ဝှက်ပြီး ထည့်သွင်း လာတာဖြစ်တယ်လို့ အစိုးရရှေ့နေက ဗုဒ္ဓဟူးနေ့မှာ တရားရုံးကို ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ကိုယ်ပိုင် ခရီးဆောင်အိတ်ထဲမှာ အထူးပြုလုပ်ထားတဲ့ ဖန်ပြွန်တွေနဲ့ ထည့်ထားတဲ့ မြေပုရွက်ဆိတ် ၁၉၄၈ ကောင်ကို တွေ့ရှိခဲ့ရပါတယ်” လို့ ရှေ့နေ Allen Mulama က တရားရုံးမှာ ပြောပါတယ်။

ဒါ့အပြင် တစ်ရှူးလိပ် ၃ လိပ်ထဲမှာ ဝှက်ထားတဲ့ သက်ရှိ ပုရွက်ဆိတ် အကောင် ၃၀၀ ကိုလည်း အိတ်ထဲ ကနေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ရှေ့နေဖြစ်သူက သံသယရှိသူရဲ့ လက်ကိုင်ဖုန်းနဲ့ လက်ပ်တော့ပ် ကွန်ပျူတာ တို့လို အီလက်ထရွန်နစ် ပစ္စည်းတွေကို မှုခင်းဆိုင်ရာ စစ်ဆေးခွင့်ပြုဖို့ တရားရုံးကို တောင်းဆိုထားပါတယ်။

ပုရွက်ဆိတ် ဖမ်းယူတာတွေ ဆက်ရှိနေနိုင်တယ်လို့ ယူဆရတဲ့ တခြား ကင်ညာမြို့တွေ အထိ စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့ လုပ်ဆောင်နေတာ ကြောင့်နောက်ထပ် ဖမ်းဆီးမှုတွေလည်း ရှိလာဦးမယ်လို့ KWS အရာရှိ Duncan Juma က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ကင်ညာတရားရုံးတခုဟာ ပုရွက်ဆိတ်မကြီး ထောင်ပေါင်း များစွာကို ပြည်ပ ခိုးထုတ်ဖို့ ကြိုးစားတဲ့ အမျိုးသား ၄ ဦးကို ထောင်ဒဏ် တနှစ် ဒါမှမဟုတ် ဒေါ်လာ ၇၇၀၀ ဒဏ်ရိုက်ဖို့ စီရင်ချက် ချခဲ့ဖူးပြီး ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါ တယ်။

အဲဒီတုန်းက သံသယရှိသူ ၄ ဦး ဖြစ်တဲ့ ဘယ်လ်ဂျီယံ ၂ ဦး၊ ဗီယက်နမ် ၁ ဦး နဲ့ ကင်ညာ ၁ ဦး တို့ဟာ KWS ရဲ့ စစ်ဆင်ရေး အတွင်း အဖမ်းခံခဲ့ရပြီး နောက် သူတို့ရဲ့ ပြစ်မှုကို ဝန်ခံခဲ့ကြပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံသားတွေ ကတော့ သူတို့ဟာ ဒီပုရွက်ဆိတ်တွေကို ဝါသနာ အရ စုဆောင်းတာဖြစ်ပြီး ဒါဟာ တရားမဝင်ဘူးလို့ မထင်ခဲ့ မိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

စုံစမ်းစစ်ဆေးသူတွေ ကတော့ အခု တကြိမ် ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ဟာ ဒီမှောင်ခိုဂိုဏ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က ကင်ညာ ကနေ တခြားနိုင်ငံကူး လက်မှတ်တခုနဲ့ လွတ်မြောက် သွားခဲ့သူ ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ တရားရုံးက ကျန်းကို ၅ ရက်ကြာ ထိန်းသိမ်း စစ်ဆေးခွင့် ပြုခဲ့ ပါတယ်။

ခြင်္သေ့နဲ့ ဆင်လို တိရစ္ဆာန်ကြီးတွေကိုသာ ကာကွယ်ပေးလေ့ရှိတဲ့ KWS ဌာန ကတော့ ပြီးခဲ့တဲ့နှစ်ရဲ့ စီရင်ချက်ဟာ ဒီလို အင်းဆက်လေးတွေ အတွက် မှတ်တိုင်သစ် စိုက်ထူနိုင်တဲ့ စီရင်ချက် ဖြစ်တယ်လို့ ဖော်ပြခဲ့ ပါတယ်။

ပြီးခဲ့တဲ့နှစ်က သိမ်းဆည်းရမိတဲ့ ပုရွက်ဆိတ် တွေဟာ အာဖရိက ပုရွက်ဆိတ် ကြီးတွေ ဖြစ်ပြီး၊ သူတို့ဟာ ဂေဟစနစ် အတွက် အလွန်အရေး ပါသလို သူတို့ကို ဂေဟစနစ်ထဲက ဖယ်ရှားလိုက်ရင် မြေဆီလွှာ ကျန်းမာရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိခိုက်စေနိုင်တယ်လို့ KWS က ဆိုပါတယ်။

ဒီပုရွက်ဆိတ်တွေကို ဥရောပနဲ့ အာရှက ထူးခြားဆန်းပြားတဲ့ အိမ်မွေး တိရစ္ဆာန် စျေးကွက်တွေဆီကို တင်ပို့ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *